
လက်စတာနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ အေဒင်ဟဲဗန်းရဲ့အခြေအနေကို အသိပေးလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က တနင်္လာနေ့နံနက်က လက်စတာကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒုတိယပိုင်းပွဲကစားချိန်အတွင်း ဒဏ်ရာပြဿနာကြုံတွေ့ပြီး လူးစားလဲခဲ့ရတဲ့ နောက်ခံလူ အေဒင်ဟီးဗန်းရဲ့အခြေအနေကို အသိပေးပြောကြားလာခဲ့ပါတယ်။
မကြာသေးမီရက်သတ္တပတ်တွေမှာ ယူနိုက်တက်အတွက် အရန်ကစားသမားအဖြစ်ပါဝင်ရင်း အာမိုရင်ရဲ့အထင်ကြီးမှုကို ရရှိထားခဲ့တဲ့ ဟဲဗန်းဟာ လက်စတာနဲ့ပွဲစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားသမားစာရင်းမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အသက်-၁၈ နှစ်အရွယ်ကစားသမားဟာ လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီရဲ့ဖြတ်တင်ဘောကို ရှင်းထုတ်ရာမှာ ဒဏ်ရာပြဿနာပြင်းပြင်းထန်ထန်ကြုံတွေ့ခဲ့လို့ ပွဲပြီးဆုံးအောင်ကစားနိုင်ခဲ့ခြင်းမရှိဘဲ လူစားလဲခံခဲ့ရပါတယ်။
ဒဏ်ရာရရှိသွားတဲ့ဟဲဗန်းကို ယူနိုက်တက်ဆေးအဖွဲ့က ကွင်းဘေးမှာ ၅ မိနစ်လောက်ကြာတဲ့အထိ ဆေးကုသပေးခဲ့ပေမယ့် သက်သာခြင်းမရှိတာကြောင့် နည်းပြအာမိုရင်အနေနဲ့ လူစားလဲဖို့ပဲဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ယခုနှစ်အစောပိုင်းမှာ အာဆင်နယ်မှ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့လာခဲ့တဲ့ ဟဲဗန်းဟာ အသင်းဖော် တိုဘီကိုလီယာနဲ့ လူစားလဲခံခဲ့ရပါတယ်။
ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က ကစားသမားရဲ့ဒဏ်ရာအခြေအနေကို နောက်အပတ်မှပဲ အကဲဖြတ်နိုင်မယ်လို့ဆိုပါတယ်။ ပေါ်တူဂီသားနည်းပြက "သူ့ရဲ့အခြေအနေကိုသိရဖို့ခက်ခဲပါတယ်။ တစ်ပတ်အတွင်းမှာပဲ အကဲဖြတ်သွားမှာပါ။ သူမြေပြင်ပေါ်လဲကျသွားချိန်မှာ စကားမပြောနိုင်သလို၊ ဘယ်လိုခံစားနေရတယ်ဆိုတာလည်း သူမပြောနိုင်ခဲ့ပါဘူး။သူက အာဆင်နယ်၊ ရီးရဲလ်ဆိုစီဒက်တို့နဲ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့လို့ အခုလက်စတာနဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တာပါ။ ဒီပွဲကသူ့အတွက်ခက်ခဲမယ်ဆိုတာသိပါတယ်။ သက်တောင့်သက်သာပဲကစားဖို့မှာထားပေမယ့် သူကပွဲအပေါ်မှာအရမ်းအာရုံစိုက်နေခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဟဲဗန်းဟာ ယူနိုက်တက်ကစားသမားဘဝပထမဆုံးအကြိမ်ပွဲထွက်ခွင့်ကို ယခုလအစောပိုင်းက ဖူလ်ဟမ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ စတင်ရရှိခဲ့တာဖြစ်ပြီး ယခုအခါမှာ ဒုတိယအကြိမ် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ နည်းပြအာမိုရင်အနေနဲ့ လူငယ်နောက်ခံလူရဲ့ခြေစွမ်းကို ကြိုက်နှစ်သက်သလို၊ အာဆင်နယ်နည်းပြတွေကလည်း ကစားသမားကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ထားခဲ့ကြပါတယ်။
ယခုချိန်အထိတော့ ဟဲဗန်းအနေနဲ့ ဘယ်လောက်အထိအနားယူသွားရမယ်ဆိုတာ အတိအကျမသိရှိရသေးပေမယ့် နောက်ခံကစားသမားအများအပြား ဒဏ်ရာရနေတဲ့ယူနိုက်တက်အတွက်တော့ ၁၈ နှစ်သားရဲ့ဒဏ်ရာဟာ နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။