The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့်မရသော်လည်း ယူနိုက်တက်ဟာ ကစားသမားတွေကို ဆွဲဆောင်နိုင်ဆဲဖြစ်ကြောင်း အာမိုရင်အခိုင်အမာဆို

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာမဟုတ်ပေမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို ဆွဲဆောင်နိုင်ဆဲဖြစ်နေကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာရပ်တည်နေတဲ့ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ဇုန် အဆင့် ၄ နေရာက မန်စီးတီးနဲ့ ရမှတ် ၁၄ မှတ်အထိကွာဟနေတာကြောင့် ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က မဖြစ်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ သို့သော်လည်း ယူနိုက်တက်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆက်လက်ကျန်ရှိနေဆဲဖြစ်တာကြောင့် ဆုဖလားကိုသာ ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။ 

အာမိုရင်က ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရပေမယ့် ကမ္ဘာ့အဆင့် ကစားသမားတွေကို ဆွဲဆောင်ထားနိုင်ဆဲဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ပေမယ့် ယူရိုပါလိဂ်ဖလားသာဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်လည်း ပြောင်းလဲမှုကြီးကြီးမားမားဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ လာမယ့်သောကြာနေ့ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့မှာ အာမိုရင်ရဲ့အသင်းဟာ စပိန်ကလပ် ရီးရဲလ်ဆိုစီဒက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။ 

ပေါ်တူဂီသားနည်းပြက "ချန်ပီယံလိဂ်ဝင်ခွင့်ရတာ မရတာက ကလပ်ရဲ့အနာဂတ်အတွက် အဓိကအကျဆုံးအရာတစ်ခုမဟုတ်ပါဘူး။ ဒါက ကျွန်တော့်အမြင်သက်သက်ပါ။ ကျွန်တော်ဒီကိုရောက်လာတာ ၃ လရှိပါပြီ။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က မဖြစ်နိုင်ပါဘူး။ အသင်းက ဖလားပြိုင်ပွဲတွေကနေ ထွက်ခွာထားခဲ့ရသလို၊ လိဂ်မှာလည်း ရပ်တည်မှုကောင်းကောင်းမရှိပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်မရလည်း မန်ချက်စတာယူနိုက်တက်က အနာဂတ်မှာ အကောင်းဆုံးကစားသမားတွေကို ခေါ်ယူနိုင်ပါသေးတယ်"

"အသင်းမှာပြောင်းလဲရမယ့်အရာတွေအများကြီးရှိနေပြီး ကျွန်တော်တို့လည်း အဲဒီအတွက် ကြိုးစားနေပါတယ်။ လောလောဆယ်မှာ ဖလားတွေရဖို့ထက် ပိုအရေးကြီးတဲ့အရာတွေရှိနေပါတယ်။ ဒါပေမယ့် ယူရိုပါလိဂ်ဖလားကိုရခဲ့မယ်ဆိုရင်တော့ နောက်ရာသီအတွက် အရာအားလုံးကို ပြောင်းလဲပစ်နိုင်မယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဆိုစီဒက်နဲ့ကစားပြီးနောက်မှာတော့ တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ ပီအက်စ်ဗွီကို ၇ ဂိုးသွင်းထားတဲ့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်သွားရပါမယ်။ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ အာမိုရင်ရဲ့အသင်းဟာ နိုင်ပွဲ ၂ ပွဲသာရရှိထားတာဖြစ်ပါတယ်။