
အခက်အခဲတွေက ပယ်လ်မာကို ပိုကောင်းတဲ့ကစားသမားတစ်ယောက် ဖြစ်လာစေလိမ့်မယ်လို့ မာရက်စ်ကာအခိုင်အမာပြော
ကြာသပတေးနေ့နံနက်က ရီးရဲလ်ဘက်တစ်ကို ၁-၄ နဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတဲ့ ကွင်းလယ်လူကိုးလ်ပယ်လ်မာနဲ့ပတ်သက်ပြီး ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက အခက်အခဲတွေနဲ့ ရုန်းကန်ရမှုတွေက ပယ်လ်မာကို ပိုကောင်းတဲ့ကစားသမားတစ်ဦးဖြစ်လာစေလိမ့်မယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ချဲလ်ဆီးဟာ ဘက်တစ်ကို နောက်ကနေလိုက်အနိုင်ယူပြီး ဂိုးပြတ်နိုင်ပွဲနဲ့အတူ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဆုဖလားပြန်လည်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ယခုပွဲစဉ်မှာ ဘက်တစ်က ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ အက်ဇယ်ဇူလီက ဘယ်ခြေကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးက ချေပဂိုးအတွက် တိုက်စစ်မြှင့်တင်လာခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ဖို့ရုန်းကန်ခဲ့ရပြီး ၆၅ မိနစ်ရောက်မှသာ ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။
ချဲလ်ဆီးအတွက်ချေပဂိုးကို ကိုးလ်ပယ်မာရဲ့ ဖြတ်တင်ပေးပို့မှုမှတစ်ဆင့် အန်ဇိုဖာနန်ဒက်ဇ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး ၅ မိနစ်အကြာမှာ ပယ်လ်မာရဲ့ဖြတ်တင်ဘောကနေပဲ နီကိုးလက်စ်ဂျက်ဆန်က ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ထို့နောက်မှာတော့ ချဲလ်ဆီးအတွက်အနိုင်သေချာစေမယ့်ဂိုးတွေကို ဂျေဒန်ဆန်ချိုနဲ့ ကိုင်စီဒိုတို့က ဆက်လက်သွင်းယူခဲ့ကြပြီး ကွန်းဖရန့်လိဂ်ချန်ပီယံတွေအဖြစ် အောင်ပွဲခံခဲ့ကြပါတယ်။ သို့သော်လည်း ယခုပွဲစဉ်မှာ ပယ်လ်မာတစ်ယောက်ကတော့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိလို့ အင်္ဂလန်လက်ရွေးစင်ဟာ ကာလရှည်ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ဆက်လက်ကြုံတွေ့ခဲ့ရပါတယ်။
ပယ်လ်မာဟာ ယခုနှစ် ဇန်နဝါရီလကနေစတင်ပြီး ယခုချိန်အထိ သွင်းဂိုး ၁ ဂိုးသာသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ မာရက်စ်ကာက "ဒီရာသီမှာ သူကြုံတွေ့ခဲ့ရတဲ့ အခိုက်အတန့်ဆိုးတွေနဲ့ အခက်အခဲတွေက သူ့ကို ပိုကောင်းတဲ့ကစားသမားဖြစ်လာစေပါလိမ့်မယ်။ သူက ထိပ်တန်းကစားသမားတစ်ယောက်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ သူနေရာမှန်မှာ ပြန်ရောက်ဖို့ ကျွန်တော်တို့ကူညီပေးသွားရပါမယ်"
"ပြိုင်ဘက်ရဲ့ဂိုးဧရိယာထဲမှာဆို သူကပွဲစဉ်ရဲ့အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်တဲ့ကစားသမားတစ်ယောက်ပါ။ ဒီပွဲမှာ သူလုပ်ခဲ့တဲ့ ဂိုးဖန်တီးမှု ၂ ခုစလုံးကလည်း အရမ်းကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ယခုပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ချီးမြှင့်ခံခဲ့ရတဲ့ ပယ်လ်မာက ပွဲအပြီးမှာ "ကျွန်တော် ဘောလုံးရတဲ့အချိန်မှာ အနောက်ကိုပြန်ပြန်ပေးရတာကို စိတ်ညစ်လာပါတယ်။ ဒါကြောင့် ဒီပွဲမှာ ဘောလုံးရရင် ဖြစ်ချင်ရာဖြစ် ရှေ့ကိုပဲဆက်တိုးတော့မယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဒီနေ့မှာ အလုပ်ဖြစ်ခဲ့ပါတယ်။ အန်ဇိုပြေးထွက်သွားတဲ့နေရာလွတ်ကို ကျွန်တော်မြင်လိုက်ချိန်မှာ ဖြတ်တင်ပေးပို့မှုပြုလုပ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပယ်လ်မာဟာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ချဲလ်ဆီးရဲ့လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ အသင်းနဲ့အတူ စတင်ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ဗဟိုခံစစ်မှူး တိုဆင်ကလည်း "ပယ်လ်မာဒီနေ့လုပ်ပြခဲ့တာ ရူးချင်စရာပါပဲ။ အရမ်းကောင်းတဲ့ ဂိုးဖန်တီးမှု ၂ ခုကို တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ လုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့အဖြေကို ပယ်လ်မာကပြောင်းပေးခဲ့ပြီး ဒါက သူ့ရဲ့ပုံစံပါပဲ" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။