
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ အောင်ပွဲရယူဖို့ ဆန္ဒရှိနေတဲ့ အမ်ဘာပေ
ရီးရဲလ်မက်ဒရစ်ကစားသမားဘဝပွဲဦးထွက်ရာသီမှာ အစွမ်းကုန်တောက်ပခဲ့ပေမယ့် မေ့ဖျောက်ပစ်ချင်စရာ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ရတဲ့ အမ်ဘာပေက ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို သိမ်းပိုက်ဖို့ မျက်စိကျလာပါတယ်။ ရီးရဲလ်မက်ဒရစ်ကစားသမားတစ်ဦးအတွက် ပွဲဦးထွက်ဘောလုံးရာသီ သွင်းဂိုးအများဆုံးစံချိန်ကို ၅၆ ပွဲကစား၊ ၄၆ ဂိုးသွင်းယူကာ ချိုးဖျက်ခဲ့တဲ့ အမ်ဘာပေက လာမယ့်လ၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သူ့ရဲ့ဦးတည်ချက်ကို အခိုင်အမာချမှတ်ထားခဲ့ပါတယ်။ လေးနှစ်တစ်ကြိမ်ကျင်းပဖို့ ပြန်လည်ပြင်ဆင်ထားတဲ့ ပြိုင်ပွဲပုံစံတစ်ရပ်မှာ ပြင်သစ်သားက စပိန်ဘီလူးကြီးတွေနဲ့အတူ အထွဋ်အထိပ်အောင်ပွဲကိုရယူပြီး ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ ဆန္ဒရှိနေပါတယ်။
အမ်ဘာပေက ပီအက်စ်ဂျီမှထွက်ခွာလာပြီးနောက်ပိုင်း ရီးရဲလ်မက်ဒရစ်အသင်းမှာ အံ့အားသင့်စရာ ပွဲဦးထွက်ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဘာနေဗျူးအစောပိုင်းနေ့ရက်တွေမှာ အခြေကျဖို့ အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ အသက်-၂၆ နှစ်အရွယ်တိုက်စစ်မှူးက ခြေစွမ်းတွေ ဆက်တိုက်ပြသခဲ့ပြီး လာလီဂါရွှေဖိနပ်ဆု(ပီချီချီဆု)အပြင် လိဂ် ၃၁ ဂိုးသွင်းယူနိုင်မှုအတွက် ဥရောပဂိုးသွင်းဘုရင်ဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခြုံပြီးကြည့်မယ်ဆိုရင်တော့ အမ်ဘာပေရဲ့စပိန်မြေခရီးစဉ်က ကျဆုံးခန်းတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ မက်ဒရစ်သားတွေက ဘာစီလိုနာကို ကိုပါဒယ်လ်ရေးဖလားဗိုလ်လုပွဲအပြင် လာလီဂါချန်ပီယံပြေးလမ်းမှာလည်း အရေးနိမ့်ခဲ့သလို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာလည်း အာဆင်နယ်ကိုမကျော်ဖြတ်နိုင်လို့ လမ်းခုလတ်တင် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။ အခုတော့ နည်းပြသစ်ဇာဘီအလွန်ဆိုရောက်ရှိလာမှုနဲ့အတူ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ခေတ်သစ်တစ်ခုစတင်ဖို့ ပြင်ဆင်လာခဲ့ပြီး အမ်ဘာပေကိုယ်တိုင်လည်း လေဗာကူဆင်နည်းပြဟောင်းကို မက်ဒရစ်မှာ အကောင်းဆုံးကူညီပေးသွားနိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။
အခုရာသီ၊ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ပြီးနောက် အမ်ဘာပေက ပြိုင်ဘက်ကလပ်အသင်း ၃၂ ခု ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲမှာ မက်ဒရစ်သားတွေနဲ့အတူ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကြီး ကိုင်မြှောက်ချင်တဲ့ဆန္ဒကို ဝေမျှလာပါတယ်။ သူက “ အခုလိုပုံစံမျိုးနဲ့ကျင်းပတဲ့ပြိုင်ပွဲကို ကျွန်တော်တို့တွေ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိတာပါ။ ဒါက ကျွန်တော်တို့အတွက် အသစ်အဆန်းတစ်ခုလို ဖြစ်နေပါတယ်။ ဒါပေမယ့် ကလပ်အသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံဖြစ်လာမယ့် အခွင့်အလမ်းသစ်တစ်ခုလည်း ရှိနေလို့ ဒီပြိုင်ပွဲကြီးကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။
အမေရိကန်မှာကျင်းပမယ့် ခမ်းနားကြီးကျယ်လှတဲ့ ပြိုင်ပွဲကြီးတစ်ခုပါ။ လူတိုင်းကလည်း ဒီပြိုင်ပွဲကြီးကို မျှော်လင့်စောင့်စားနေပါပြီ။ ကျွန်တော်ပြောခဲ့သလိုပဲ၊ ကျွန်တော်တို့အတွက် အသစ်အဆန်းတစ်ခုလိုဖြစ်နေလို့ ဒီချန်ပီယံဆုကြီးရရှိအောင် ကြိုးစားသွားရပါမယ်”လို့ ပြောပါတယ်။
လက်ရှိမှာ ပြင်သစ်သားက အားလပ်ရက်အနည်းငယ်ရရှိထားပေမယ့် ဇွန် ၅ ရက်၊ စပိန်နဲ့ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် လက်ရွေးစင်အသင်းနဲ့ပူးပေါင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီနောက်မှာတော့ သူက အလွန်ဆိုရဲ့အသင်းနဲ့အတူ အမေရိကန်ဆီ လိုက်ပါသွားပြီး ဇွန် ၁၈ ရက်၊ အယ်လ်ဟီလယ်နဲ့ ရင်ဆိုင်ရမယ့် ကလပ်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်သွားဖို့ စီစဉ်ထားပါတယ်။