The network connection is lost.

Banner Image

အန်တိုနီနဲ့ တိုမီနေးတို့ အသင်းသစ်တွေမှာ ဘာကြောင့်ခြေစွမ်းပြနေတာလဲ ရှင်းပြလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာသွားခဲ့တဲ့ ကွင်းလယ်လူ စကော့မက်တိုမီနေးနဲ့ တောင်ပံကစားသမား အန်တိုနီတို့ အသင်းသစ်တွေမှာ ဘာကြောင့် ခြေစွမ်းတွေပြန်လည်ပြသနေတာလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။ 

အန်တိုနီဟာ ပြီးခဲ့တဲ့ဆောင်းရာသီဈေးကွက်မှာ ယူနိုက်တက်မှထွက်ခွာပြီး စပိန်လာလီဂါကလပ် ရီးရဲလ်ဘက်တစ်သို့  ၆ လအငှားစာချုပ်နဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်။ ကစားသမားဟာ အေဂျက်စ်မှ ယူနိုက်တက်သို့ ပေါင် ၈၂ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပေမယ့် ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတာကြောင့် အဆုံးမှာ အသင်းကနေထွက်ခွာဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အသက်-၂၄ နှစ်အရွယ်ဘရာဇီးလက်ရွေးစင်ဟာ ၂၀၂၄-၂၅ ရာသီဝက်တစ်ခုလုံးမှာ ယူနိုက်တက်အတွက် သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့ပေမယ့် ရီးရဲလ်ဘက်တစ်အတွက် ကစားခဲ့တဲ့ ပထမဆုံးပွဲစဉ် ၃ ပွဲမှာ ၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်မှာ နာပိုလီသို့ ပေါင် ၂၅ သန်းနဲ့အပြီးသတ်ပြောင်းရွှေ့သွားခဲ့တဲ့ တိုမီနေးကလည်း စီးရီးအေမှာ တောက်လျှောက်ခြေစွမ်းပြနေပြီး အသင်းအတွက် အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။ စကော့တလန်အသင်းခေါင်းဆောင်ဟာ ဒီရာသီမှာ နာပိုလီအတွက် စုစုပေါင်း ၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်ပေးထားနိုင်ပါတယ်။ 

ယခုအခါမှာတော့ အာမိုရင်က “ဒါကဖြစ်တတ်ပါတယ်။ ဘယ်အသင်းမှာမဆို ဒီလိုမျိုးဖြစ်နိုင်ပါတယ်။ ယူနိုက်တက်က ဖိအားအရမ်းများတဲ့အသင်းပါ။ ဒီအသင်းကို ပါရမီရှင်အကယ်ဒမီလူငယ်တွေ၊ နိုင်ငံရပ်ခြားက ပါရမီရှင်ကစားသမားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ဒါကြောင့် အခုအသင်းကို ရောက်လာတဲ့ ပက်ထရစ်ဒေါ်ဂူအနေနဲ့လည်း ဖိအားကို ခံစားသွားရမှာပါ”

“ဒါပေမယ့် အသင်းနဲ့အတူ ပိုမိုကောင်းမွန်တဲ့ခြေစွမ်းမျိုးပြသနိုင်မယ်ဆိုရင်တော့ ဒီဖိအားတွေကို ထိန်းချုပ်နိုင်မှာပါ။ ဖိအားဒဏ်ကိုမခံနိုင်တဲ့ကစားသမားတွေအတွက်တော့ အခြားအသင်းမှာ လွတ်လွတ်လပ်လပ်ကစားရတာမျိုးက ပိုပြီးတော့ လွယ်ကူပါလိမ့်မယ်။ဘောလုံးက ဒါပါပဲ။ အမြင့်ရောက်လေလေ ဖိအားကိုထိန်းချုပ်နိုင်ဖို့ ခက်ခဲလေပါ။ ဒါကြောင့်ပဲ အချို့ကစားသမားတွေက အသင်းသစ်မှာ ဖိအားမရှိလို့ ပိုကောင်းတဲ့ခြေစွမ်းမျိုးရကြတာပါ” လို့ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။