The network connection is lost.

Banner Image

အာဆင်နယ်စတား ၂ ဦးပြန်လာနိုင်ဖို့ နီးစပ်နေကြောင်း အာတီတာ အတည်ပြု

အာဆင်နယ်နည်းပြ အာတီတာက သောမက်စ်ပါတေးနဲ့ ဂျီးဆပ်စ်တို့ ၂ ဦးစလုံးပြန်လာနိုင်ဖို့ နီးစပ်နေပေမယ့် လာမယ့်နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်လာနိုင်ဖို့တော့ အာမမခံဘူးလို့ ပြောကြားလိုက်ပါတယ်။
 
ပါတေးဟာ ဒဏ်ရာအခြေအနေကြောင့် ၄ လလောက်နားခဲ့ရပြီး အောက်တိုဘာလကတည်းက ပေါင်ဒဏ်ရာ ရရှိနေခဲ့ကာ အာဖရိကဖလားပြိုင်ပွဲကိုတောင် မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့လတုန်းက အသင်းနဲ့လေ့ကျင့်ခန်းဆင်းခဲ့နိုင်ခဲ့ပေမယ့် ဒဏ်ရာပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။
 
ပေါ်တိုနဲ့ပွဲမတိုင်ခင်တုန်းကလည်း ပါတေးဟာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါချန်ပီယံလိဂ်ပွဲမှာတော့ ပါတေးတစ်ယောက် ပါဝင်လာခြင်းမရှိတာဖြစ်ပါတယ်။
 
အာတီတာက သောကြာနေ့တုန်းက သတင်းစာရှင်းပွဲမှာ ပါတေးနဲ့ ဂျီးဆပ်စ်တို့အခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “စောင့်ကြည့်ကြတာပေါ့။ ကျွန်တော်တို့ ဒီနေ့မှာ နောက်ထပ်လေ့ကျင့်ခန်း အစီအစဉ်ရှိပါတယ်။ သူအချိန်အတော်ကြာနားခဲ့ရတာပါ။ ချိန်သားကိုက်ဖို့ လိုအပ်ပါတယ်။ ပြန်လာနိုင်ဖို့တော့ နီးစပ်နေပြီလို့ ကျွန်တော်ထင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
 
ပါတေးအပြင် ဗီအဲရာနဲ့ ဂျီးဆပ်စ်တို့လည်း ပြန်လာနိုင်ဖို့ နီးစပ်နေပါတယ်။ ဒါပေမယ့် ဇင်ချန်ကိုနဲ့ တိုမီယာဆုတို့ကတော့ ဆက်လက်လွဲချော်ဖွယ်ရှိနေပြီး တင်းဘားကလည်း ပြန်လာနိုင်ဖို့ အချိန်လိုအပ်နေပါသေးတယ်။
 
“ဂျီးဆပ်စ်က အတူတူပါပဲ။ သူ အရာအချို့အနည်းငယ်လုပ်ပြီးပါပြီ။ ဇင်ချန်ကို နဲ့ တိုမီယာဆုတို့ကတော့ အချိန်လိုအပ်နေပါသေးတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။
 
တင်ဘားအခြေအနေက မသေချာသေးပေမယ့် အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်လူစာရင်းထဲမှာ နယ်သာလန်သားက ပါဝင်နေပါတယ်။ ဒူဘိုင်းလေ့ကျင့်ရေးအစီအစဉ်မှာ တင်ဘားဟာ တစ်ဦးတည်းသီးသန့်လေ့ကျင့်နေပြီး အာတီတာက အသက် ၂၂ နှစ်သားတစ်ယောက် ရာသီမကုန်ခင်ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
 
“ကျွန်တော် သူပြန်လာနိုင်ဖို့မျှော်လင့်ပါတယ်။ သူအကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ကစားသမားအချို့လည်း သူ့ကိုဝန်းရံပြီး လုပ်ဆောင်ပေးနေပါတယ်။ သူ့အခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်နေပါသေးတယ်။ အဲ့နောက် အဖြေက ရက်စ်ဖြစ်လာမှာပါ။ ကစားသမားကောင်းအချို့ လွဲချော်နေပါတယ်။ သူတို့ပြန်လာဖို့ အချိန်ယူရပါဦးမယ်။ ကျွန်တော်တို့ ပြန်လာနိုင်ဖို့ လိုအပ်ပါတယ်။ အလျင်အမြန်ပြန်လာနိုင်ဖို့ လိုအပ်ပါတယ်။ လူပြန်စုံလာတဲ့အခါ ဒီကစားသမားတွေက အသင်းကို အကျိုးပြုနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်”လို့ အာတီတာ ထပ်လောင်းပြောကြားခဲ့ပါတယ်။
 
အာဆင်နယ်ဟာ နယူးကာဆယ်နဲ့ပွဲမတိုင်ခင် အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး နိုဝင်ဘာတုန်းက စိန့်ဂျိမ်းပါ့ခ်မှာ ၁-၀ နဲ့ အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ အခုအပတ်မတိုင်ခင် ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၅ ပွဲဆက်အနိုင်ရရှိထားပြီး ၂၀၁၀ နောက်ပိုင်းကတည်းက အာဆင်နယ်ဟာ အမ်းမရိတ်မှာ နယူးကာဆယ်ကို အရေးနိမ့်ခြင်းမရှိသေးတာဖြစ်ပါတယ်။