The network connection is lost.

Banner Image

ဖူလ်ဟမ်သို့ ပြောင်းရွှေ့ဖို့ မတော်တဆ သဘောတူညီခဲ့ဖူးတဲ့ ရော်နယ်ဒို

ဘရာဇီးနဲ့အတူ ကမ္ဘာ့ဖလား ၂ ကြိမ်ဆွတ်ခူးခဲ့ဖူးတဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားနေစဉ်အတွင်း ဖူလ်ဟမ်အသင်း ပိုင်ရှင်ဟောင်း မိုဟာမက် အယ်လ်ဖေးကြောင့် အင်္ဂလန်ကလပ် ဖူလ်ဟမ်သို့ပြောင်းရွှေ့ဖို့ မတော်တဆ သဘောတူညီခဲ့ဖူးပါတယ်။
 
အသက်-၄၆ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ၎င်းရဲ့တောက်ပတဲ့ ခြေစွမ်းနဲ့ ကလပ်အသင်းကြီးတွေနဲ့သာမက နိုင်ငံအသင်းနဲ့ပါ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့မှုကြောင့် ဘောလုံးလောကရဲ့ အထင်ကရ ကစာသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။
 
ကမ္ဘာ့ဘောလုံးလောကရဲ့ကြယ်ပွင့်ဟောင်းဟာ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်၊ အင်တာမီလန်၊ ဘာစီလိုနာနဲ့ ဘရာဇီးလက်ရွေးစင် အသင်းတွေမှာ ပါဝင်ကစားခဲ့ပြီး စုစုပေါင်း ၄၁၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုလက်ရှိ စပိန်ကလပ် ဗယ်လာဒိုးလစ်ရဲ့ပိုင်ရှင် ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ ကမ္ဘာ့ဖလား ၂ ကြိမ် အပါအဝင် ဆုဖလားပေါင်းများစွာကို ဆွတ်ခူးခဲ့ဖူးတာဖြစ်ပါတယ်။ အောင်မြင်မှုတွေများစွာ ရရှိခဲ့တဲ့ရော်နယ်ဒိုဟာ အင်္ဂလိပ်ဘောလုံးလောကမှာ ကျင်လည်ဖို့ အခွင့်အရေးရရှိခဲ့သော်လည်း အပြည့်အဝအသုံးမချနိုင်ခဲ့ပါဘူး။
 
နာမည်ကြီးဂျာနယ်လစ် တိုနီဘန့်ခ်ရဲ့အဆိုအရ ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်မှာ ကစားဖို့ မတော်တဆ သဘောတူညီခဲ့ဖူးတယ်လို့ သိရှိရပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ အစွမ်းကုန်တောက်ပနေချိန်တွင်း ရော်နယ်ဒိုဟာ ဒီလမှာပဲကွန်လွန်သွားခဲ့တဲ့ ဖူလ်ဟမ်အသင်းပိုင်ရှင်ဟောင်း အယ်လ်ဖေး(၉၄ နှစ်) ပိုင်ဆိုင်တဲ့ Knightsbridge စတိုးဆိုင်ထဲမှာ ဖူလ်ဟမ်မှာလာကစားဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။
 
ဘာသာစကားအခက်အခဲကြောင့် ရော်နယ်ဒိုဟာ အယ်လ်ဖေးရဲ့ စကားကို သေချာနားမလည်လိုက်ဘဲ ကမ်းလှမ်းချက်ကို မတော်တဆ သဘောတူညီခဲ့မိတာဖြစ်ပါတယ်။ သို့သော်လည်း ရော်နယ်ဒိုရဲ့ အမှတ်မထင်သဘောတူညီချက်က အယ်လ်ဖေးအတွက် လေးနက်တဲ့အကြောင်းအရာဖြစ်လာခဲ့ပြီး အသင်းပိုင်ရှင်ဟာ ဘော်လွန်းဒီအော်ဆုရှင်ကို အသင်းရဲ့ ကစားသမားစာရင်းမှာ ပါဝင်နိုင်ဖို့ ရက်သတ္တပတ်များစွာကြာ တောင်းဆိုခဲ့တယ်လို့ သိရှိရပါတယ်။ 
 
ဂျာနယ်လစ် ဘန့်ခ်က “ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်မှာ ဂိုးတွေ တဒိုင်းဒိုင်းသွင်းနေတဲ့အချိန်ပေါ့။ သူက စာအုပ်လက်မှတ်ထိုးဖို့ အယ်လ်ဖေးပိုင်တဲ့ စတိုးဆိုင်ထဲမှာ ရှိနေတုန်း အယ်လ်ဖေးက “မင်း ဖူလ်ဟမ်အတွက် ကစားပေးမလား” လို့မေးတော့ အင်္ဂလိပ်စကားသိပ်မတတ်သေးတဲ့ ရော်နယ်ဒိုက “ဟုတ် ဟုတ်ကဲ့ တစ်ခါတလေပေါ့” ဆိုပြီးအဖြေပြန်ပေးခဲ့တယ်လေ။ နောက်နှစ်ပတ်အကြာမှာတော့ အယ်လ်ဖေးက ဖူလ်ဟမ်အသင်းရဲ့ ဘဏ္ဍာရေးဒါရိုက်တာကို ဖုန်းဆက်ပြီး “ စနေနေ့ကျရင် ရော်နယ်ဒိုကို ခေါ်လိုက်တော့” လို့ပြောပါတယ်။ ဒါရိုက်တာက “ခင်ဗျားဘာတွေပြောနေတာလဲလို့”မေးတော့ သူက “ ရော်နယ်ဒိုက ဖူလ်ဟမ်အတွက် ကစားမယ်လို့ပြောတယ်။ ငါသူ့ကို စနေနေ့ကျရင် အသင်းမှာတွေ့ချင်တယ်” တဲ့ဗျာ” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။