The network connection is lost.

Banner Image

ရော်နယ်ဒိုနဲ့တွဲဖက်ကစားရမယ့်အခွင့်အရေးကို ငြင်းပယ်လိုက်တဲ့ ဂါနာချို

မန်ချက်စတာယူနိုက်တက်တောင်ပံကြယ်ပွင့်ကစားသမား အလီဂျန်ဒရိုဂါနာချိုဟာ သူ့ရဲ့စံပြကစားသမားဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့တွဲဖက်ကစားရမယ့် အခွင့်အရေးအဖြစ် အယ်လ်နာဆာရဲ့ကမ်းလှမ်းမှု ကို လက်ခံရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ 

ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်မှထွက်ခွာသွားမယ့် ထိပ်ဆုံးကစားသမား ၅ ဦးစာရင်းမှာပါဝင်နေတဲ့ဂါနာချိုဟာ အမေရိကန်သို့ ခြေစမ်းခရီးစဉ်ထွက်ခွာသွားမယ့် အသင်းရဲ့လူစာရင်းမှာလည်း ပါဝင်ခြင်းမရှိပါဘူး။ ယခုအခါမှာတော့ The Telegraph သတင်းဌာနရဲ့အဆိုအရ အာဂျင်တီးနားသားဟာ အယ်လ်နာဆာရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ရော်နယ်ဒိုနဲ့တွဲဖက်ကစားခွင့်ရမယ့်အခွင့်အရေးကို အဆုံးရှုံးခံခဲ့တယ်လို့သိရပါတယ်။ ဂါနာချိုဟာ သူ့ရဲ့ကစားသမားဘဝကို ဥရောပမှာပဲ ဆက်လက်ဖြတ်သန်းဖို့ဆုံးဖြတ်ထားတာကြောင့် ထိပ်သီးကလပ်တွေရဲ့ကမ်းလှမ်းမှုတွေကို ဆက်လက်စောင့်ဆိုင်းသွားဖွယ်ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ဇန်နဝါရီက ဂါနာချိုကိုခေါ်ယူဖို့ချိတ်ဆက်ခဲ့တဲ့ ချဲလ်ဆီးဟာ ယခုအခါမှာတော့ အသင်းရဲ့တိုက်စစ်မှူး ခရစ္စတိုဖာအန်ကွန်ကူနဲ့ အလဲအလှယ်လုပ်ဖို့ ကြိးစားနေတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ အီတလီထိပ်သီးကလပ် နာပိုလီကလည်း ဂါနာချိုကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။

နာပိုလီဥက္ကဌ လော်ရန်တီစ်က "ကျွန်တော်တို့သူ့ကို လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကယူနိုက်တက်မှာရောက်နေလို့ပါ။ သူ ယူနိုက်တက်ကနေထွက်လာရင် စွမ်းဆောင်ရည်က ၂ ဆအထိတိုးသွားနိုင်ပါတယ်။ ယူနိုက်တက်မှာတော့သူအဆင်ပြေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်လည်းမရှင်းပြတတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

သတင်းတွေအရ ယူနိုက်တက်ဟာ ဂါနာချိုအတွက် ပေါင်သန်း ၇၀ အထိအလိုရှိနေတယ်လို့သိရပေမယ့် နည်းပြရူဘင်အာမိုရင်ရဲ့လက်အောက်မှာပင် ပုံမှန်နေရာရဖွယ်မရှိတဲ့ ဂါနာချိုအတွက် အဆိုပါပမာဏမျိုးရရှိဖို့က အတော်လေးခက်ခဲနိုင်ပါတယ်။