
ရက်ရှ်ဖို့ဒ်ရဲ့ကျောနံပါတ် ၁၀ ကို ကွန်ဟာဝတ်ဆင်သွားမယ်လို့ပြောကြားလာတဲ့ ဖာဒီနန်
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့မှာဖြစ်ကြောင်း တရားဝင်အတည်ပြုထားတဲ့ ဝုဗ်ကစားသမား မားသီးယက်စ်ကွန်ဟာအနေနဲ့ အသင်းမှာ ကျောနံပါတ် ၁၀ ကိုဝတ်ဆင်သွားမှာဖြစ်လို့ လက်ရှိ ကျောနံပါတ် ၁၀ ပိုင်ရှင် မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ ထွက်ခွာရဖွယ်ရှိကြောင်း ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကွန်ဟာကို ပြောင်းရွှေ့ကြေး ပေါင် ၆၂.၅ သန်းနဲ့ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့တာကြောင့် ဘရာဇီးသားဟာ နွေရာသီမှာ အသင်းသို့စတင်ရောက်ရှိလာတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။အသက်-၂၆ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ယူနိုက်တက်နဲ့ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမယ်လို့လည်းသိရပါတယ်။ ကစားသမားဟာ ယူနိုက်တက်မှာ ကျောနံပါတ် ၁၀ ကိုဝတ်ဆင်သွားမှာဖြစ်လို့ ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာသို့အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့တဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ လက်ရှိအချိန်မှာ အသင်းသစ်ကို စတင်ရှာဖွေရတော့မှာဖြစ်ပါတယ်။
ကွန်ဟာကိုခေါ်ယူမှုနဲ့ပတ်သက်ပြီး ဖာဒီနန်က "လွန်ခဲ့တဲ့ ရက်သတ္တပတ်အချို့က ကျွန်တော်ဖော်ပြခဲ့တဲ့ကစားသမားတွေထဲမှာပါ ကွန်ဟာပါပါတယ်။ သူက ပရီးမီးယားလိဂ်အကြောင်းကို သိနေတဲ့ကစားသမားပါ။ ဒါကြောင့် ဒီမှာအသားကျဖို့ အချိန်မလိုပါဘူး"
"ဒီအပြောင်းအရွှေ့က ကြီးမားပါတယ်။ တကယ်လို့ နိုင်ငံခြားကစားသမားတစ်ဦးကိုခေါ်ယူမယ်ဆိုရင် အဲဒီကစားသမားက ပရီးမီးယားလိဂ်အတွေ့အကြုံမရှိလို့ အသင်းအနေနဲ့ စွန့်စားမှုယူရပါတယ်။ အခုတော့ ကွန်ဟာက ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့သူ့ကို အမြဲတမ်းမြင်တွေ့နေရပါတယ်"
"ပြီးတော့ သူကယူနိုက်တက်ပရိသတ်တစ်ယောက်လို့သိရပါတယ်။ နံပါတ် ၁၀ ကိုဝတ်သွားမယ်ဆိုတော့ ရက်ရှ်ဖို့ဒ်အတွက် ဘာတွေဖြစ်လာမလဲ။ ကျွန်တော်လည်း အဲဒါတော့မသိသေးပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ အများကြီးရှိပါတယ်။ ကွန်ဟာက ပြီးခဲ့တဲ့ရာသီမှာ ဝုဗ်အတွက် ၃၆ ပွဲကစား၊ ၁၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါက အထင်ကြီးစရာပါ"
"ကွန်ဟာကိုခေါ်ယူလိုက်တာက ယူနိုက်တက်အတွက် ကြီးမားတဲ့ အင်အားဖြည့်တင်းမှုပါပဲ။ သူအရင်ကလည်း အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်ကိုဒုက္ခပေးနေကျပါ။ ကွန်ဟာက ယူနိုက်တက်ရဲ့နောက်တန်းအတွက် ထောပတ်ကိုလှီးတဲ့ ဓားတစ်ချောင်းလို ဖြစ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
သတင်းတွေအရ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာသို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် ယူနိုက်တက်က ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ အထိသတ်မှတ်ထားတာကြောင့် ကတ်တလန်ကလပ်အနေနဲ့ အဆိုပါတန်ကြေးကို ပေးချေလိုခြင်းမရှိဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့လကတော့ ဘာစီလိုနာရဲ့အားကစားဒါရိုက်တာဒီကိုက ရက်ရှ်ဖို့ဒ်ကို သဘောကျကြောင်း ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။
အက်စတွန်ဗီလာသို့အငှားနဲ့သွားရောက်ကစားချိန်မှာတော့ ရက်ရှ်ဖို့ဒ်ဟာ ထိပ်တန်းခြေစွမ်းကို ပြန်လည်ပြသနိုင်ခဲ့ပြီး ၁၇ ပွဲကစားခဲ့ရာမှာ ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း အင်္ဂလန်လက်ရွေးစင်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ပွဲစဉ်အများအပြားကစားဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။