သရေပွဲစဉ်အပြီး ဘိုလော့ဂ်နာအသင်းကို ချီကျူးပြောဆိုခဲ့တဲ့ အင်တာမီလန်နည်းပြ အင်ဇာဂီ
ဒီနေ့မနက်ပိုင်း၊ စီရီးအေပွဲစဉ်(၁၉) လက်ကျန်အဖြစ် အင်တာမီလန်နဲ့ ဘိုလော့ဂ်နာတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ပွဲစဉ်အပြီး အင်တာမီလန်နည်းပြအင်ဇာဂီက “ဘိုလော့ဂ်နာကို ဂုဏ်ပြုပါတယ်။ သူတို့တွေက ရင်ဆိုင်ကစားဖို့ ခက်ခဲတဲ့အသင်းတစ်ခုပါ။ ကျွန်တော်တို့လည်း အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ကျွန်တော်တို့က အခွင့်အလမ်းတွေ အများကြီးဖန်တီးခြင်းအပြင် အခိုက်အတန့်ကောင်းတွေ ခွင့်ပြုပေးရခြင်းလို ပုံစံမျိုးနဲ့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒုတိယမြောက်ပေးဂိုးအတွက် ကျွန်တော်တို့ရဲ့နေရာယူပုံတွေ ပိုကောင်းခဲ့သင့်ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော်တို့က ၃-၂ ဂိုးအထိ ဖြစ်နိုင်မယ့် အခွင့်အရေးတွေ အများကြီးရရှိခဲ့ပါတယ်။
ကျွန်တော်တို့တွေ ကံမကောင်းစွာနဲ့ဘဲ ပထမချေပဂိုးကို ခွင့်ပြုပေးခဲ့ရသလို နောက်တစ်ဂိုးမှာလည်း နောက်ခံလူတစ်ဦးရဲ့ဒဏ်ရာအခြေအနေ ပေါ်ပေါက်နေခဲ့ပါတယ်။ သုံးမှတ်အပြည့် မရရှိခဲ့လို့ နောင်တရမိစရာ အချို့ရှိပေမယ့် ပြိုင်ဘက်အပေါ် လေးစားသွားဖို့တော့ လိုအပ်ပါတယ်။ အသင်းကစားသမားတွေလည်း ကျွန်တော်အလိုရှိတဲ့အတိုင်း ကစားပေးခဲ့ပါတယ်။
၃-၂ ဂိုးအထိ သွားနိုင်မယ့်အခွင့်အရေးတွေရှိခဲ့လို့ နည်းနည်းတော့စိတ်ညစ်ရတယ်ဆိုတာ ပုံမှန်အခြေအနေပါပဲ။ ဒါပေမယ့် ကျွန်တော်တို့တွေက ရုပ်ပိုင်းဆိုင်ရာစုစည်းမှုအားကောင်းတဲ့အသင်းတစ်ခုနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့ အခြေအနေနဲ့ ထိပ်တန်းလုပ်အားနှုန်းတွေကြောင့် ကျွန်တော်တို့လည်း နှစ်ဂိုးရရှိခဲ့ပါတယ်။
ကျွန်တော်တို့တွေ့ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်သွားရပါမယ်။ ကျွန်တော်တို့က အမှတ်ပေးဇယားရဲ့ ကောင်းမွန်တဲ့အဆင့်တစ်ခုမှာ ရောက်ရှိနေတာပါ။ အခုတော့ နည်းနည်းပိုကြိုးစားဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့မှာ ကစားသမားတွေ အလှည့်အပြောင်းပြုလုပ်ဖို့ အခက်ကြုံနေရသလို အခြားသူတွေလိုပဲ ပွဲစဉ်ဇယားကြောင့် ပြဿနာတက်နေပါတယ်။ ဒါပေမယ့် စီးရီးအေပွဲစဉ်တိုင်းက အရမ်းခက်ခဲတာကြောင့် အခုထက်ပိုပြီး ပေးဆပ်ကြိုးစားသွားရပါမယ်”လို့ ပြောပါတယ်။