The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ဖို့က သူ့ဘဝရဲ့အိပ်မက်ဖြစ်တယ်လို့ဖွင့်ဟလာတဲ့ ရီစီဂျိမ်းစ်

တနင်္လာနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံအဖြစ်အောင်ပွဲခံခဲ့ပြီးနောက် ချဲလ်ဆီးနောက်ခံလူရီစီဂျိမ်းစ်က ကလပ်ကမ္ဘာ့ဖလားဆွတ်ခူးဖို့က သူ့ဘဝရဲ့အိပ်မက်ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့မေလက ချန်ပီယံလိဂ်ဆုဖလားကို ထိုက်ထိုက်တန်တန်ဆွတ်ခူးထားခဲ့တဲ့ ဥရောပချန်ပီယံပီအက်စ်ဂျီကဟာ ယခုဗိုလ်လုပွဲမှာတော့ ချဲလ်ဆီးကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိဘဲ ၃-၀ ဆိုတဲ့ရလဒ်နဲ့ ထိုက်ထိုက်တန်တန်အရေးနိမ့်ပြီး ဆုဖလားနဲ့လွဲချော်ခဲ့တာဖြစ်ပါတယ်။ 

ယခုပွဲစဉ်မှာ ချဲလ်ဆီးဟာ ပီအက်စ်ဂျီကိုခြေစွမ်းအသာနဲ့ကစားနိုင်ခဲ့ပြီး ပထမပိုင်းပွဲကစားချိန် မိနစ် ၃၀ အတွင်းမှာပဲ ပယ်လ်မာရဲ့သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ အသင်းအတွက်အနိုင်သေချာစေမယ့်ဂိုးကိုလည်း ပထမပိုင်းမှာပဲ ဂျာအိုပက်ဒရိုက ထပ်မံသွင်းယူခဲ့တာကြောင့် ချဲလ်ဆီးအနေနဲ့ ဥရောပချန်ပီယံကို သက်တောင့်သက်သာအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ချဲလ်ဆီးသို့ အသက်-၆ နှစ်သားကတည်းကရောက်ရှိလာပြီး အသင်းရဲ့အမာခံပရိသတ်တစ်ဦးလည်းဖြစ်ခဲ့တဲ့ ရီစီဂျိမ်းစ်က ကလပ်ဆုဖလားဆွတ်ခူးနိုင်ခဲ့တဲ့ ခံစားချက်တွေကိုဖွင့်ဟလာခဲ့ပါတယ်။ အင်္ဂလန်သားက "ကျွန်တော့်ဘဝတစ်လျှောက်လုံး ဒီဆုဖလားကိုရရှိဖို့ အိပ်မက်မက်နေခဲ့တာပါ။ ကလေးဘဝကတည်းက ဒီအသင်းနဲ့အတူ ဆုဖလားတွေကိုင်မြှောက်နိုင်ဖို့က ကျွန်တော့်ရဲ့အိပ်မက်ပါပဲ"

"အရမ်းပျော်စရာကောင်းတဲ့အခိုက်အတန့်ပါ။ ဒီပြိုင်ပွဲက ကမ္ဘာအနှံ့အကောင်းဆုံးအသင်းတွေဝင်ပြိုင်တာဖြစ်လို့ ကြီးကျယ်တဲ့ပြိုင်ပွဲတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့က ဒီအထဲကမှ ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့လို့ ပြောမပြတတ်အောင်ပျော်ရွှင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ပီအက်စ်ဂျီနဲ့ပွဲစဉ်က ခက်ခဲမယ်ဆိုတာ ကြိုသိနေခဲ့ကြောင်းကိုလည်း ဂျိမ်းစ်က "ဒီပွဲက အရမ်းခက်မယ်ဆိုတာ ကျွန်တော်တို့သိထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ကစားခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။ ၃ ဂိုးအထိသွင်းနိုင်ခဲ့တာက မယုံနိုင်စရာပါပဲ။ အရမ်းကောင်းတဲ့ပွဲဖြစ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။