ရီစီဂျိမ်းစ်ကို စစ်မှန်သောခေါင်းဆောင်တစ်ဦးလို့ ထုတ်ပြောလာတဲ့ ချဲလ်ဆီးယာယီနည်းပြမက်ဖာလိန်း
ချဲလ်ဆီးယာယီနည်းပြမက်ဖာလိန်းက မန်စီးတီးနဲ့ရင်ဆိုင်ရဖို့ ရှိနေချိန်မှာပဲ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မန်စီးတီးအကယ်ဒမီနည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ဖူးတဲ့ မက်ဖာလိန်းက အခုသီတင်းပတ်အစောပိုင်း၊ ရာထူးမှထုတ်ပယ်ခံရတဲ့ အန်ဇိုမာရက်စ်ကာရဲ့နေရာမှာ အစားထိုးတာဝန်ယူကာ ချဲလ်ဆီးကို တာဝန်ယူကိုင်တွယ်သွားပါလိမ့်မယ်။
သူက စီနီယာအဆင့်ပရော်ဖက်ရှင်နယ်ဘောလုံးပွဲစဉ်တွေကို မကိုင်တွယ်ခဲ့ဖူးပါဘူး။ ဒါ့အပြင် သူက အင်္ဂလန်ထိပ်တန်းလိဂ်နောက်ဆုံးခုနစ်ပွဲမှာ တစ်ပွဲသာအနိုင်ရရှိထားတဲ့ အသင်းကို ဦးဆောင်သွားရပါမယ်။
ပထမဦးဆုံး မက်ဖာလိန်းက သူ့ရဲ့ပရော်ဖက်ရှင်နယ်နည်းပြဘဝပထမဆုံးပွဲစဉ်မတိုင်ခင် ဘယ်လိုခံစားနေရသလဲဆိုတာကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။
မက်ဖာလိန်းက “ ရူးသွပ်ချင်စရာ ၂၄ နာရီကာလတစ်ခုပါ။ မုန်တိုင်းတစ်ခုလိုမျိုး မြင်ယောင်ကြည့်နိုင်သလို တကယ်လည်း စိတ်လှုပ်ရှားမိပါတယ်။ ဒါနဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေကိုသာ ကျွန်တော် ပြောနိုင်ပါတယ်။
နောက်ဆုံးတော့လည်း ဘောလုံးပွဲစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ပထမဆုံးပွဲစဉ် (သို့မဟုတ်) ပက်ဂွါဒီယိုလာနဲ့ ကျွန်တော်ရင်ဆိုင်ရမယ့်ပွဲစဉ် မဟုတ်ပါဘူး။ မန်စီးတီး vs ချဲလ်ဆီး ပွဲစဉ်ပါ။ ထိပ်တန်းကလပ်အသင်းနှစ်ခုဖြစ်ပြီး ကျွန်တော်တို့တွေ အကောင်းဆုံးယှဉ်ပြိုင်ကစားသွားပါမယ်။ အရေးကြီးတဲ့အခိုက်အတန့်တွေမှာ ဒီကလပ်အသင်းကိုယ်တိုင် ဘယ်လိုတွေလုပ်ဆောင်နိုင်ခဲ့သလဲဆိုတာကို ကျွန်တော်တို့အားလုံး ဒီနှစ်ထဲမှာ မြင်တွေ့ခဲ့ပြီးပါပြီ။
ကျွန်တော်ကတော့ စိတ်အေးလက်အေးပါပဲ။ ပွဲစဉ်နီးကပ်လာချိန်မှာတော့ ပိုပြီး စိတ်လှုပ်ရှားနေတာမျိုး၊ ထိတ်လန့်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ပုံမှန်ရရှိနေကျမက်ဆေ့ချ်တွေမှလွဲလို့ ကျွန်တော့်ကိုယ်ကျွန်တော် နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးအဖြစ် မခံစားရပါဘူး။ နေ့စဉ်နေ့တိုင်း အလုပ်ခွင်ဆီလာရောက်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ပါတယ်။ ထူးထူးခြားခြားဖြစ်နေတယ်လို့ မခံစားရပါဘူး”လို့ ပြောပါတယ်။
ဆက်လက်ပြီး အသက်-၄၀ နှစ်အရွယ်နည်းပြက မာရက်စ်ကာမရှိတော့ချိန် သူတို့အသင်း ဘယ်လိုဖြစ်နေသလဲဆိုတာနဲ့ အသင်းကိုစုစည်းနိုင်ဖို့အတွက် ခံစစ်မှူးရီစီဂျိမ်းစ်ကိုယ်တိုင် ဘယ်လိုဦးဆောင်မှုမျိုး ပေးခဲ့သလဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။
မက်ဖာလိန်းက “ ဘာတွေမျှော်လင့်ရမလဲ အမှန်တကယ်မသိပေမယ့် ဒီနေ့မှာတော့ စွမ်းအားနဲ့ စိတ်အားထက်သန်မှုတွေ အရမ်းကောင်းမွန်ခဲ့ပါတယ်။ ကစားသမားတွေဆီမှာ အာရုံစူးစိုက်မှု၊ စိတ်အားထက်သန်မှုနဲ့ ဆာလောင်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာ ကျွန်တော်တို့အတွက် ပွဲကြီးပွဲကောင်းရှိပါတယ်။ ရီစီဂျိမ်းစ်ကိုယ်တိုင်လည်း ထူးချွန်တဲ့အသင်းခေါင်းဆောင်ပီပီ ဝန်ထမ်းတွေနဲ့ ကစားသမားတွေကို တနင်္ဂနွေနေ့ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေအောင် ကူညီပေးခဲ့ပါတယ်။
အရန်အသင်း၊ ကလပ်အသင်းဒါရိုက်တာတွေဆီမှ ကူညီပံ့ပိုးပေးမှုနဲ့ပတ်သက်လို့ ဒီကလပ်အသင်းမှာ အရမ်းကောင်းမွန်တဲ့ ဓလေ့စရိုက်တစ်ခု ရှိပါတယ်။ အဲ့ဒီမှာ ယူ-၂၁ အသင်းရဲ့ပွဲစဉ်တွေလည်း အမြဲတမ်းရှိပါတယ်။ ရိုးရိုးသားသားပြောရရင် အရာအားလုံးအတူတူပါပဲ။ ကျွန်တော်တို့အားလုံးက တူညီတဲ့ရည်မှန်းချက်တစ်ခုအတွက် ဒီနေရာမှာ ရှိနေတာပါ။ ဒီနေ့လေ့ကျင့်ရေးအစီအစဉ်ဆိုရင်လည်း အရမ်းကောင်းမွန်သလို တကယ့်ကိုကောင်းမွန်တဲ့ခွန်အားတစ်ခု ရှိခဲ့ပါတယ်”လို့ ပြောပါတယ်။