
ရီးရဲလ်မက်ဒရစ်အတွက် ခေတ်သစ်တစ်ခုစတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကြွေးကြော်လိုက်တဲ့ အလွန်ဆို
ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်မှာ ပီအက်စ်ဂျီကို လေးဂိုးပြတ်အရေးနိမ့်ခဲ့မှုအတွင်း နည်းဗျူဟာပိုင်းအပြောင်းအလဲပြုလုပ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုက သူ့ရဲ့အသင်းဟာ ခေတ်သစ်တစ်ခုကိုစတင်ဖို့ အဆင့်သင့်ဖြစ်နေပါပြီလို့ ပြောကြားလိုက်ပါတယ်။
အခုပွဲစဉ်မှာ အလွန်ဆိုက ပွဲပယ်ပြစ်ဒဏ်ခံယူနေရတဲ့ ဟူဂျ်ဆန်၊ ဒဏ်ရာရရှိနေတဲ့ အာနိုးလ်တို့ကြောင့် ပြိုင်ပွဲအစောပိုင်းကာလတလျှောက် အကောင်းဆုံးစွမ်းဆောင်ထားနိုင်တဲ့ ငါးယောက်တန်းခံစစ်မှ ခံစစ်ကစားသမားလေးဦးပုံစံဆီ ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။
အခုနည်းဗျူဟာပိုင်းအပြောင်းအလဲကြောင့် ပြိုင်ပွဲကာလတလျှောက် ရီးရဲလ်မက်ဒရစ်အတွက် ခြေစွမ်းပြနေတဲ့ လူငယ်တိုက်စစ်မှူးဂွန်ဇာလိုဂါစီယာနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအစောပိုင်းကာလတွေမှာ အဖျားဝေဒနာကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိဘဲ နောက်ပိုင်းမှသာ ကြံ့ခိုင်မှုပြည့်ဝလာသူ အမ်ဘာပေတို့ တွဲဖက်ကာ ပွဲထွက်လာခဲ့ပါတယ်။ ။ ဒါပေမယ့် အခုတိုက်စစ်ပုံဖော်မှုက အကျိုးအမြတ်တော့ မဖြစ်ထွန်းခဲ့ပါဘူး။
ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ခံစစ်ပိုင်းအားနည်းမှု ကို အလျှင်အမြန်အသုံးချကာ ပွဲအစကိုးမိနစ်မှာတင် ဦးဆောင်ဂိုးနှစ်ဂိုးအထိ သွင်းယူသွားခဲ့ပါတယ်။ ဒါက လာလီဂါဘီလူးကြီးအတွက် အတော်လေးစိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။အလွန်ဆိုက “ ကျွန်တော်တို့တွေ နှစ်ဂိုးပေးလိုက်ရပြီး ပုံမှန်ခြေစွမ်းကိုလည်း မရှာဖွေနိုင်ခဲ့ပါဘူး။ နာကျင်စရာကောင်းလွန်းတဲ့ ရှုံးနိမ့်မှုတစ်ခုပါ။ ဒီနေ့မှာ အသင်းရဲ့ပုံမှန်စံချိန်စံညွှန်းမျိုးနဲ့ ကိုက်ညီမှု လုံးဝမရှိခဲ့ဘူးဆိုတာ ဝန်ခံသွားရပါမယ်”လို့ ပြောပါတယ်။
ပထမပိုင်းပွဲချိန်အပြီးမှာလည်း ရီးရဲလ်မက်ဒရစ်က အဓိပ္ပါယ်ရှိတဲ့လူစားလဲလှယ်မှုတွေ မပြုလုပ်ခဲ့ပါဘူး။ အလွန်ဆိုကတော့ ဒုတိယပိုင်းပွဲချိန်ထက်ဝက်၊ လူစားလဲလှယ်မှုမပြုလုပ်ခင် အခွင့်အရေးတွေ ရရှိခဲ့တယ်လို့ ယုံကြည်ကြောင်း သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။ သူက “ အချို့အချက်တွေမှာ ချို့ယွင်းမှုအနည်းငယ် ရှိခဲ့ပါတယ်။ တခါတရံ အမှားတွေကိုမြင်တွေ့ပြီး အနာဂတ်အတွက် သင်ခန်းစာရယူတာ ကောင်းပါတယ်”လို့ ရှင်းပြပါတယ်။
အခုလိုခါးသီးစရာရှုံးနိမ့်မှုကို ရင်ဆိုင်ခဲ့ရပေမယ့် အလွန်ဆိုကတော့ ပရိသတ်တွေဆီ လာမယ့်ဘောလုံးရာသီသစ်မှာ ပိုမိုကောင်းမွန်တဲ့အရာတွေကို မြင်တွေ့ရမယ်လို့ အာမခံခဲ့ပြီး ကစားသမားသစ် ခေါ်ယူနိုင်မယ့်အလားအလာတွေကိုလည်း မငြင်းဆန်ခဲ့ပါဘူး။
သူက “ အနားယူပြီးသွားရင် လန်းဆန်းနေတဲ့စိတ်သစ်နဲ့အတူ ခေတ်သစ်တစ်ခုကို စတင်သွားပါမယ်။ ကျွန်တော်တို့က အားလုံးအတူပါဝင်ပြီး စုစည်းညီညွှတ်မှုရှိတဲ့ အသင်းတစ်ခုကို တည်ဆောက်သွားချင်ပါတယ်။ ကျွန်တော်တို့အတွက် တစ်ပွဲပဲကျန်တော့တာပါ။ ဒါက နာကျင်ရပါတယ်။ အခုတော့ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”လို့ ဆက်ပြောပါတယ်။