
ချန်ပီယံလိဂ်ဖလားဆွတ်ခူးဖို့ အမ်ဘာပေ ဆန္ဒမစောပါဘူးလို့ ဖွင့်ဟလာတဲ့ အလွန်ဆို
မာဆေးလ်နဲ့ရင်ဆိုင်ဖို့ ပြင်ဆင်နေချိန် အမ်ဘာပေရဲ့ကစားသမားဘဝမှာ ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့အတွက် ကစားသမားကိုယ်တိုင် ဆန္ဒစောနေတာမျိုး မရှိဘူးလို့ ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ၊ ပီအက်စ်ဂျီမှထွက်ခွာကာ စံချိန်တင်ချန်ပီယံလိဂ်ဆုဖလားများရှင်ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လာပြီးနောက် အသက်-၂၆ နှစ်အရွယ်အမ်ဘာပေက သူ့ကလပ်အသင်းဟောင်းရဲ့သမိုင်းတလျှောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဆုဖလားကိုင်မြှောက်မှုကိုသာ မြင်တွေ့ခဲ့ရပါတယ်။
ဘာနေဗျူးမှာယှဉ်ပြိုင်ရမယ့် အင်္ဂါနေ့ပွဲစဉ်တိုင်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အလွန်ဆိုက “ အမ်ဘာပေမှာ စိုးရိမ်သောကရောက်နေတာမျိုး၊ စိတ်စောနေတာမျိုး မရှိပါဘူး။ ကျွန်တော်တို့အားလုံးက ဒါကို အခုမှစတင်တဲ့ စီမံကိန်းတစ်ခုလို့ပဲ သိထားကြပါတယ်။ ရည်မှန်းချက်တွေအနက် တစ်ခုကတော့ မကြာခင်မှာပဲ ချန်ပီယံလိဂ်ဆုဖလားကိုင်မြှောက်သွားနိုင်ဖို့ ဖြစ်ပါတယ်။ အမ်ဘာပေကိုယ်တိုင်လည်း ဒီလမ်းကြောင်းရဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် သူ့ဆီမှာ စိတ်ဆန္ဒလောကြီးနေတာမျိုး မရှိဘူးလို့ ထင်ပါတယ်။
ဒီနေ့မှာဆိုရင်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အဓိပ္ပါယ်ပြည့်ဝနေမှုအကြောင်း ကျွန်တော်တို့ ဆွေးနွေးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မေလဖိုင်နယ်ပွဲစဉ်အကြောင်းတော့ မပြောခဲ့ပါဘူး။ အနီးစပ်ဆုံးအနာဂတ်ကိုပဲ ကျွန်တော်တို့ ဆွေးနွေးတာပါ”လို့ ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ပြိုင်ပွဲနောက်ဆုံး ၁၂ ကြိမ်မှာ ခြောက်ကြိမ်အထိ ဗိုလ်စွဲခဲ့ပြီး ဒီလိုသမိုင်းမှတ်တမ်းတွေကြောင့် အပိုဖိအားတွေ မခံစားရဘူးလို့ အလွန်ဆိုက ရှင်းပြပါတယ်။
သူက “ ဒါဟာ သံသယဖြစ်ဖွယ်မရှိ၊ ဂုဏ်ယူစရာ၊ လှုံ့ဆော်မှုတစ်ခုသာ ဖြစ်ပါတယ်။ ဒီသမိုင်းမှတ်တမ်းကို ပျော်ပျော်ရွှင်ရွှင်ခံစားသွားရမယ့် တာဝန်တစ်ရပ်ရှိပါတယ်။ ဒါက အခွင့်ထူးတစ်ရပ်ပါပဲ”လို့ ဆိုပါတယ်။