စလိုဗက်ကီးယားနဲ့ ပွဲစဉ်မတိုင်မီ ဘယ်လ်ဂျီယံရဲ့တိုးတက်မှုတွေကို ထုတ်ဖော်ပြောကြားလာတဲ့ ဒီဘရိုင်း
ဘယ်လ်ဂျီယံကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းဟာ မန်စီးတီးမှာရှိစဉ်က ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရသော်လည်း ယခုအခါမှာတော့ ကြံ့ခိုင်မှုပြည့်ဝနေတာကြောင့် နိုင်ငံအသင်းအတွက် ယူရိုချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ဖို့မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဒီဘရိုင်းဟာ တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပွဲသာပါဝင်ကစားနိုင်ခဲ့ပေမယ့် ယခုအခါမှာတော့ ဘယ်လ်ဂျီယံရဲ့ကြယ်ပွင့်ကစားသမားလေးတွေနဲ့ ပုံမှန်လေ့ကျင့်ရေးဆင်းနေပြီး ယူရိုပြိုင်ပွဲအတွက် အဆင့်သင့်ဖြစ်နေပါတယ်။
တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဘရိုင်းက “အချိန်အတော်အကြာကြီး ဘေးထွက်နေခဲ့ရလို့ အခုလိုပြန်ကစားတဲ့အခါမှာ အခက်အခဲတွေ့ကြုံရတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၃ လ၊ ၄ လအတွင်းမှာကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ကျွန်တော့်အနေနဲ့ ကောင်းမွန်တဲ့ ခြေစွမ်းအဆင့်မှာ ရှိခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲမှာ ဘယ်လ်ဂျီယံကို ကူညီဖို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၂ ကာတာကမ္ဘာ့ဖလားကနေ အောင်မြင်မှုမရဘဲ ပြန်လာခဲ့ရတဲ့နောက်ပိုင်း ၁၈ လအတွင်းမှာ ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံအတွက် စုစုပေါင်း ၄ ပွဲသာ ပါဝင်ကစားခွင့်ရထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး ကွင်းလယ်လူက “ကာတာကမ္ဘာ့ဖလားက ပြီးသွားပါပြီ။ ကျွန်တော်တို့အနေနဲ့ အဲဒီတုန်းကအရာတွေကို ပြောင်းလဲလို့မရတော့ပါဘူး။ စိတ်ပျက်စရာကောင်းခဲ့ပေမယ့် အခုတော့ နည်းပြအသစ်နဲ့ ပြိုင်ပွဲအသစ်ကို ယှဉ်ပြိုင်ရတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိဘယ်လ်ဂျီယံအသင်းဟာ ဖီဖာအဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ယူရိုပြိုင်ပွဲမှာဗိုလ်စွဲဖို့ ရေပန်းစားနေပေယ့် ဒီဘရိုင်းကတော့ ဒီအချက်အလက်တွေက အရေးမကြီးကြောင်းပြောကြားခဲ့ပါတယ်။
ဒီဘရိုင်းက “ကျွန်တော်တို့အသင်းက လက်ရှိကမ္ဘာ့အဆင့်သတ်မှတ်ချက်ရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပေမယ့် ပြိုင်ပွဲတစ်ခုမှာ အဆင့်သတ်မှတ်ချက်က အရေးမကြီးပါဘူး။ ကျွန်တော်တို့မှာ အပြုသဘောဆောင်တဲ့အချက်တွေအများကြီးရှိနေပြီး အသင်းက အဆင်သင့်ဖြစ်နေတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့က ရေပန်းအစားဆုံး အသင်းမဟုတ်သလို၊ ဘယ်အဆင့်မှာရှိသင့်တယ်ဆိုတာကလည်း ပြောဖို့ခက်ပါတယ်” “ကျွန်တော့်ရဲ့အသက်အရွယ်အရ ကျွန်တော်ဟာ နည်းပြပေါင်းများစွာရဲ့လက်အောက်မှာ သူတို့ရဲ့ကစားဟန်တွေနဲ့ လိုက်လျောညီထွေရှိအောင်နေခဲ့ပါတယ်။ လက်ရှိနည်းပြကလည်း ကျွန်တော်ကစားချင်တဲ့ပုံစံနဲ့ အကြိုက်တူပါတယ်။ သူက ရှေ့တန်းမှာ ပြင်းပြင်းထန်ထန်ကစားစေချင်တာပါ။ အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ တိုးတက်မှုတွေပြုလုပ်ထားနိုင်ပြီး ဆက်ပြီးတိုးတက်နိုင်ဦးမယ်လို့ထင်ပါတယ်။ ဆလိုဗက်ကီးယားမှာ အဓိကသတိထားစရာက သူတို့ရဲ့ကွင်းလယ်က တြိဂံပုံစံအတွဲအဖက်ပါ။ သူတို့က ဘောလုံးရှိရှိ မရှိရှိ အသင်းရဲ့ကစားပုံကို တည်ဆောက်ပေးထားသူတွေပါ။ ပြီးတော့ သူတို့မှာ သန်မာတဲ့ နောက်တန်းတွေနဲ့ ပေါ့ပါးတဲ့တောင်ပံကစားသမားတွေလည်းရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကိုယ့်ရည်ရွယ်ချက်ကို ကိုယ်သိပြီး နိုင်ပွဲရဖို့အကောင်းဆုံးအဆင့်မှာရှိနေဖို့လိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။