The network connection is lost.

Banner Image

အနုတ်လက္ခဏာဆောင်တဲ့အခြေအနေတွေကို ကျော်ဖြတ်ရာမှာ ကျွမ်းကျင်လာပြီလို့ ကြွေးကြော်လိုက်တဲ့ လူးဝစ်အင်းနရစ်

ဒီနေ့မနက်ပိုင်း၊ အက်စတွန်ဗီလာကို Comeback ဖြင့် အနိုင်ယူပြီးနောက် ပီအက်စ်ဂျီအသင်းက အနုတ်သဘောဆောင်တဲ့အခြေအနေတွေကို ကျော်ဖြတ်ရာမှာ ကျွမ်းကျင်လာပြီလို့ နည်းပြလူးဝစ်အင်းနရစ် ယုံကြည်နေပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ရဲ့ ပထမပိုင်းပွဲချိန်အတွင်း ပီအက်စ်ဂျီက ပြိုင်ဘက်အတွက် ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပေမယ့် ၃-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အခုပွဲစဉ်အတွင်း ရိုဂျာစ်က ဧည့်သည်အက်စတွန်ဗီလာအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဒူအီ၊ ခဗာရက်စ်ခီလီယာ၊ နူနိုဂိုးမက်စ်တို့က သွင်းဂိုးကိုယ်စီရယူရင်း အိမ်ရှင်တွေအတွက် အဖိုးတန်နိုင်ပွဲကို ဖော်ဆောင်ပေးခဲ့ပါတယ်။ ဒါက ပီအက်စ်ဂျီအတွက်တော့ အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလိပ်ကလပ်အသင်းတစ်ခုနဲ့ရင်ဆိုင်ရချိန် ရှုံးနိမ့်နေတဲ့အခြေအနေမှ နိုင်ပွဲဆီသို့ ပထမဆုံးအကြိမ်ကူးပြောင်းနိုင်ခြင်း မဟုတ်ပါဘူး။ သူတို့တွေက အုပ်စုအဆင့်မှာလည်း မန်စီးတီးကို နှစ်ဂိုးပြတ်အရေးနိမ့်နေချိန် နောက်မှလိုက်ကစားကာ ၄-၂ ဂိုးဖြင့် အနိုင်ယူခဲ့ဖူးပါတယ်။

လူးဝစ်အင်းနရစ်ကတော့ အခုပွဲစဉ်ရလဒ်ပိုင်းဟာ သူ့ရဲ့အသင်းအတွက် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် စိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင်တွန်းလှန်နိုင်ရေး ခွန်အားတွေရရှိလာစေတယ်လို့ ယုံကြည်နေပါတယ်။ Canal+ သတင်းဌာနနဲ့တွေ့ဆုံချိန် အင်းနရစ်က “ ကျွန်တော်တို့တွေ လုံးဝပြီးပြည့်စုံတဲ့ပွဲစဉ်တစ်ခုကို ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက နေရာစုံသာလွန်ကောင်းမွန်ခဲ့ပြီး ပြိုင်ဘက်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဘောလုံးဆိုတာကတော့ အဲ့ဒီလိုမျိုးပါပဲ။ အက်စတွန်ဗီလာက ဦးဆောင်ဂိုးရရှိသွားခဲ့တယ်။ ဒါက မမျှတတဲ့ ရလဒ်တစ်ခုပါ။ ကျွန်တော်တို့ကတော့ ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာကိုင်စွဲကာ သုံးဂိုးအထိ ပြန်သွင်းယူနိုင်ခဲ့လို့ ထူးခြားလွန်းပါတယ်။

အသင်းက အပေါင်းလက္ခဏာဆောင်တဲ့စွမ်းအင်တွေ ထုတ်လွှတ်ပေးပါတယ်။ အနုတ်လက္ခဏာဆောင်တဲ့ အခြေအနေတွေကို ကျော်ဖြတ်ရာမှာ ကျွန်တော်တို့တွေ ကျွမ်းကျင်လာကြပါပြီ။ မန်စီးတီးနဲ့ရင်ဆိုင်ရချိန်မှာလည်း အခုလိုပုံစံမျိုး ဖြစ်ခဲ့ဖူးပါတယ်။ ဒါတွေက ကျွန်တော်တို့ကို သန်မာစေသလို ခွန်အားတွေလည်း ပေးစွမ်းပါတယ်။ အားသာချက်တွေကို ထိန်းထားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက တိုက်စစ်ကစားပြီး ပွဲကို အနိုင်ယူဖို့ပါပဲ။ ကျွန်တော်တို့တွေ ဆက်ပြီး တိုက်ပွဲဝင်သွားရလိမ့်မယ်”လို့ ပြောပါတယ်။

အက်စတွန်ဗီလာက အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီအနိုင်ယူခဲ့တဲ့ တတိယမြောက် အင်္ဂလိပ်ကလပ်အသင်း ဖြစ်လာပါတယ်။ ပါရီအခြေစိုက်ကလပ်အသင်းက ၁၆-သင်းရှုံးထွက်အဆင့်မှာ လီဗာပူးနဲ့ရင်ဆိုင်ရချိန် ပထမအကျော့အရှုံးရလဒ်ကိုချေဖျက်ကာ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူခဲ့ပါတယ်။