
အဝါကတ်ပြစ်ဒဏ်ထိခဲ့တဲ့ ကန့်ကွက်မှုဖြစ်စဉ်အကြောင်း ရှင်းပြသွားတဲ့ အန်ဆယ်လော့တီ
အိုဆာဆူနာနဲ့ သရေရလဒ်ထွက်ပေါ်ပြီးနောက် အန်ဆယ်လော့တီက ကွင်းလယ်ဒိုင်ဟိုဆေးမွန်တဲရိုးကို ရည်ရွယ်ကာ လာလီဂါမှာ ဒိုင်လူကြီးတွေနဲ့ပတ်သက်ပြီးပြဿနာတစ်ခုရှိနေပြီလို့ အတိအလင်းပြောဆိုခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က အိုဆာဆူနာနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျပြီးနောက် စိတ်ပျက်ဖွယ်လာလီဂါညနေခင်းကို ကြုံတွေ့ခဲ့ရပါတယ်။ သူတို့တွေက အမ်ဘာပေရဲ့အစောပိုင်းသွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယမြောက်ဦးဆောင်ဂိုးရရှိဖို့ ကြိုးပမ်းချိန်မှာ ကွင်းလယ်ဒိုင်မွန်တဲရိုးရဲ့ ပယ်နယ်တီအခွင့်အရေးသုံးကြိမ်တိုင် ပယ်ချခဲ့မှုနဲ့အတူ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။ ဗင်နီးစီးယက်စ်၊ ဘယ်လင်ဟမ်တို့အပေါ် ပြစ်ဒဏ်ကျူးလွန်မှုအပြင် အိုဆာဆူနာဂိုးဧရိယာထဲမှာ ကာတီနာရဲ့လက်ထိဘောအတွက် ပယ်နယ်တီပေးဖို့ ရီးရဲလ်မက်ဒရစ်ဘက်က တောင်းဆိုခဲ့ပေမယ့် ကွင်းလယ်ဒိုင်ဘက်မှ လစ်လျူရှုသွားခဲ့ပါတယ်။
ပွဲချိန် ၃၉ မိနစ်မှာ မလျော်ကန်တဲ့အပြုအမူကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ ဘယ်လင်ဟမ်ကို တိုက်ရိုက်အနီကတ်ပြသလိုက်ချိန် တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားက ရီးရဲလ်မက်ဒရစ်အသင်းဂိုးလွန်ဘောကန်တင်ဖို့ ပြင်ဆင်နေချိန် သူ့ရဲ့စိတ်ပျက်နေမှုကို ထုတ်ဖော်ခဲ့ပါတယ်။ မွန်တဲရိုးကလည်း ဘယ်လင်ဟမ်အပေါ် ချက်ချင်းဆိုသလို တိုက်ရိုက်အနီကတ်ပြသခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် လက်ကျန်ပွဲကစားချိန်တွေကို ကစားသမားတစ်ဦးလျော့ဖြင့် ကျော်ဖြတ်သွားခဲ့ရပါတယ်။ ဘယ်လင်ဟမ်ကို မျှတမှုမရှိထုတ်ပယ်ခဲ့တယ်လို့ ယူဆနေတဲ့ အန်ဆယ်လော့တီက ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေဟာ တစ်ဖက်စောင်းနင်းဖြစ်နေတယ်လို့ ယူဆပြီး ဒေါသအိုးပေါက်ကွဲခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ သုံးကြိမ်တိုင်တိုင်ပယ်နယ်တီအခွင့်အရေးတောင်းဆိုမှုကို လျစ်လျူရှုခဲ့တဲ့ မွန်တဲရိုးက ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ပယ်နယ်တီအခွင့်အရေးတစ်ကြိမ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်ပယ်နယ်တီရရှိခဲ့သူတွေကတော့ အိုဆာဆူနာပဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဂိုးဧရိယာအတွင်း ဘူဒီမာကို ကာမာဗင်ဂါ ကစားပုံကြမ်းတမ်းခဲ့တယ်ဆိုတဲ့ယူဆချက်နဲ့အတူ VAR ရဲ့အတည်ပြုမှုရယူပြီး ဒီပယ်နယ်တီကို သတ်မှတ်ခဲ့တာပါ။
ဘယ်လင်ဟမ်ဖြစ်ရပ်မှာကတည်းက ဒေါသတကြီးဖြစ်နေခဲ့တဲ့ အန်ဆယ်လော့တီက အခုဆုံးဖြတ်ချက်ကို အပြင်းအထန်ကန့်ကွက်ခဲ့လို့ အဝါကတ်ပြသခံခဲ့ရပြီး နောက်ပိုင်းမှာ သတင်းထောက်တွေဆီ “ VAR ပြန်လည်ကြည့်ရှုသုံးသပ်ရမယ့် လက်ထိဘောတစ်ခုလည်း ရှိခဲ့တယ်လို့ ကွင်းလယ်ဒိုင်ဆီ ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့တွေ ဒီကိစ္စနဲ့ပတ်သက်လို့ အလှည့်အပြောင်းတွေ လုပ်သွားခဲ့ပါတယ်”လို့ ရှင်းပြပါတယ်။
ဒါက ရီးရဲလ်မက်ဒရစ်အတွက် ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်ရတဲ့ ပထမဆုံးအကြိမ်ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ ဖေဖော်ဝါရီလအစောပိုင်းမှာလည်း ကလပ်အသင်းဘက်က ဆုံးဖြတ်ချက်ချမှတ်ရာမှာ တစ်နေရာနဲ့တစ်နေရာ မကိုက်ညီမှုတွေကို ကိုးကားပြီး လာလီဂါရဲ့ဒိုင်လူကြီးတာဝန်ထမ်းဆောင်မှုစံနှုန်းတွေကို တရားဝင်မေးခွန်းထုတ်တိုင်ကြားခဲ့ပါတယ်။
ဒိုင်လူကြီးတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ သူ့ရဲ့စိတ်ပျက်ရမှုကို ဖော်ပြရာမှာ အန်ဆယ်လော့တီက “လူတိုင်းကြည့်ခဲ့ရတဲ့ ဒီပွဲစဉ်သုံးခုမှာ ထူးဆန်းတဲ့အရာတွေ ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်ကတော့ အခုထက်ပိုပြီး မခံစားနိုင်တော့ပါဘူး။ လူတိုင်းလည်း မြင်ခဲ့ကြတာပါပဲ။ VAR က ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ဖြစ်နေတာတွေကို ပြန်မကြည့်ပေမယ့် ကျွန်တော်တို့ဂိုးဧရိယာထဲမှာဆိုရင်တော့ ပြန်ကြည့်ပါတယ်။ ဒါ ပြဿနာတစ်ခုပါ။ တချို့အရာတွေ ဖြစ်လာပြီး တချို့အရာတွေ မဖြစ်ခဲ့သင့်ဘူး။ ကျွန်တော်တို့ ဆက်ပြီးတော့ တိုက်ပွဲဝင်သွားရပါမယ်”လို့ ပြောပါတယ်။
အခုလိုဆုတ်ယုတ်မှုတွေရှိပေမယ့် ရီးရဲလ်မက်ဒရစ်က အက်သလက်တီကိုမက်ဒရစ်ထက် တစ်မှတ်အသာ၊ တစ်ပွဲကျန်ဘာစီလိုနာထက် သုံးမှတ်အသာဖြင့် လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်ရှိနေခဲ့ပါတယ်။