
ပရီးမီးယားလိဂ်ပစ်မှတ် ဆက်စ်ကိုရဲ့နောက်ဆုံးအခြေအနေကို ရှင်းပြလာတဲ့ လိုက်ပ်ဇစ်နည်းပြရှဖာ
အတ္တလန်တာကိုအရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဘင်ဂျမင်ဆက်စ်ကို ပါဝင်လာခြင်းမရှိဘဲ ဒီလိုဖြစ်ရခြင်းအကြောင်းရင်း ထင်ထင်ရှားရှားရှိတယ်လို့ လိုက်ပ်ဇစ်နည်းပြ မာကယ်လ်ရှဖာက ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်၊ နယူးကာဆယ်တို့နဲ့ အပြောင်းအရွှေ့ချိတ်ဆက်မှုတွေ အရှိန်အဟုန်မြှင့်ပေါ်ပေါက်လာချိန် ဆက်စ်ကိုမပါဝင်လာမှုနဲ့ပတ်သက်လို့ ရှဖာဆီ သတင်းထောက်တွေရဲ့မေးခွန်းတွေ ပွဲစဉ်အပြီးမှာ ရောက်ရှိလာခဲ့ပါတယ်။
Sky Sport Germany သတင်းထောက်ဖီးလစ်ဟိန့်ဇ်ကတော့ ဆက်စ်ကိုမပါဝင်နိုင်တဲ့အကြောင်းရင်းကို ဖော်ပြရာမှာ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်တို့နဲ့ အပြည့်အဝပတ်သက်နေတယ်လို့ ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်က အိုလီဝက်စ်ကင်အပါအဝင် အခြားပစ်မှတ်ကစားသမားတွေနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဆက်စ်ကိုဆီ မြှားဦးလှည့်လာသလို အီဆက်ခ်ကို လီဗာပူးဆီ ဆုံးရှုံးရဖွယ်ရှိနေတဲ့ နယူးကာဆယ်ကလည်း ဖြစ်လာနိုင်မယ့်အကျိုးဆက်တွေအတွက် ပြင်ဆင်ထားဖို့ ဆလိုဗေးနီးယားတိုက်စစ်မှူးကို ချိန်ရွယ်နေပါတယ်။
ရှဖာက “ ဒီနေရာမှာ အသေးစိတ်တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ ကလပ်အသင်းအတော်များများက စိတ်ဝင်စားမှုပြသပြီး ချဉ်းကပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာလည်း သိသာထင်ရှားပါတယ်”လို့ ပြောပါတယ်။
အကယ်၍ လိုက်ပ်ဇစ်ကသာ ဆက်စ်ကိုရဲ့အနာဂတ်အပေါ်အကြောင်းပြုပြီး အသင်းနဲ့အတူ ပွဲထွက်ခွင့် မပေးထားဘူးဆိုရင် အပြောင်းအရွှေ့က မကြာခင်မှာပဲ ထွက်ပေါ်လာနိုင်ပါတယ်။ ယူနိုက်တက်၊ နယူးကာဆယ်တို့ကလည်း ကစားသမားအတွက် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ရက်သတ္တပတ်နှစ်ပတ်မျှသာလိုတော့တဲ့ ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင် အပြောင်းအရွှေ့ကို အဆုံးသတ်နိုင်ဖို့ လိုလားနေပါတယ်။ လိုက်ပ်ဇစ်အတွက်လည်း ဆက်စ်ကို,ကိုဆုံးရှုံးရမယ်ဆိုရင် သင့်တော်တဲ့အစားထိုးမှုတစ်ခုပြုလုပ်နိုင်ဖို့ အလွန်အရေးကြီးနေပြန်ပါတယ်။