The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့အပါအဝင် ကစားသမား ၅ ယောက်အထိ ယူနိုက်တက်မှ ထွက်ခွာသွားဖွယ်ရှိ

မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ အလီဂျန်ဒရိုဂါနာချိုတို့အပါအဝင် ကစားသမား ၅ ယောက်လောက်ဟာ ယခုနွေရာသီအတွင်းမှာပဲ မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာသွားနိုင်ချေရှိတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ သတင်းတွေအရ အိုးလ်ထရက်ဖို့ဒ်နဲ့ လမ်းခွဲမယ့်ကစားသမားတွေထဲမှာတောင်ပံကစားသမား အန်တိုနီ၊ နောက်ခံလူ တိုင်ရဲလ်မာလာစီယာနဲ့ဂျေဒန်ဆန်ချိုတို့ပါပါဝင်နေတယ်လို့သိရပါတယ်။ 

ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ပွဲ ၄၀၀ ကျော်အထိပါဝင်ပေးထားတဲ့ အကယ်ဒမီထွက်ကစားသမား ရက်ရှ်ဖို့ဒ်ဟာ နည်းပြ ရူဘင်အာမိုရင်ရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးမဟုတ်တာ‌ကြောင့် အသင်းနဲ့လမ်းခွဲရဖို့ဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီမှာ အာမိုရင်ဟာ အင်္ဂလန်သားကိုအက်စတွန်ဗီလာထံသို့အငှားချခဲ့ပြီး ယခုအခါမှာ အပြီးသတ်ရောင်းချဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ လုပ်အားနှုန်းနဲ့ပတ်သက်ပြီးတော့လည်း အာမိုရင်က အသင်းအတွက်ပေးဆပ်လိုခြင်းမရှိတဲ့ ကစားသမားကိုအသုံးပြုမယ့်အစား ဂိုးနည်းပြကိုသာ လူစာရင်းထဲထည့်သွင်းထားမယ်လို့ပြောကြားခဲ့ပါတယ်။ 

အက်စတွန်ဗီလာနဲ့ချိတ်ဆက်ပြီး နောက်မှာ ရက်ရှ်ဖို့ဒ်ရဲ့‌ခြေစွမ်းပိုင်းက အနည်းငယ်တိုးတက်လာခဲ့ပြီး ပရီးမီးယားလိဂ် ၁၀ ပွဲကစားခဲ့ရာမှာ ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။  ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ၁-၀ နဲ့အ‌ရေးနိမ့်ခဲ့ပြီနောက် အဆိုပါပွဲစဉ်မှာ အရန်အဖြစ်သာပါဝင်ခဲ့ရတဲ့ ဂါနာချိုဟာ နည်းပြအပေါ်ကျေနပ်ခြင်းမရှိကြောင်းသိသိသာသာ‌ဖော်ပြခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာလိုနေတာဖြစ်ပါတယ်။ ထိုစဉ်က ဆိုရှယ်မီဒီယာမှတစ်ဆင့် ဂါနာချိုက "ဗိုလ်လုပွဲမတိုင်ခင်အထိ အဆင့်တိုင်းမှာကျွန်‌တော်အသင်းကို အတတ်နိုင်ဆုံးကူညီခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်လုပွဲမှာတော့ မိနစ် ၂၀ ပဲကစားခဲ့ရပါတယ်။ ဘာကြောင့်လဲကျွန်တော်မသိတော့ပါဘူး" လို့ရေးသားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးသို့အငှားနဲ့သွားရောက်ကစားခဲ့တဲ့ ဆန်ချိုကလည်း ယခုအခါမှာ အပြီးသတ်ထွက်ခွာဖို့သာ ပြင်ဆင်နေတယ်လို့သိရပါတယ်။ အန်တိုနီအနေနဲ့လည်း အာမိုရင်ရဲ့လက်အောက်မှာ နေရာရရှိဖို့မသေချာတာကြောင့် ယူနိုက်တက်မှထွက်ခွာပြီး နည်းပြဟောင်း အဲရစ်တန်ဟက်ရှိရာလေဗာကူဆင်သိုပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။