The network connection is lost.

Banner Image

ဇာဗီကြောင့် ဘာစီလိုနာမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာတဲ့ ရာဖင်ဟာ

ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ဟာက သူ့အနေနဲ့ အသင်းမှာဆက်လက်နေထိုင်ခဲ့ခြင်းမှာ နည်းပြဟောင်း ဇာဗီရဲ့တိုက်တွန်းချက်ကြောင့်ဖြစ်တယ်လို့ ဖွင့်ဟလာခဲ့သလို လက်ရှိနည်းပြ ဟန်ဆီဖလစ်က အသင်းသို့မရောက်မီ သူ့ကိုဘာပြောခဲ့သလဲဆိုတာ ပြန်လည်ပြောပြလာခဲ့ပါတယ်။ 

ဘာစီလိုနာအတွက် အလွန်အရေးပါတဲ့ကစားသမားအဖြစ်ရပ်တည်ထားနိုင်တဲ့ ဘရာဇီးလက်ရွေးစင်ဟာ အသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၃ ဂိုးအထိသွင်းယူပေးထားနိုင်တဲ့အပြင် ဂိုးဖန်တီးမှု ၁၅ ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဇာဗီလက်အောက်မှာတော့ ကစားသမားဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ပင် ရုန်းကန်ခဲ့ရပြီး လာလီဂါမှာ ၁၇ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ 

သို့သော်လည်း ယခုအခါမှာတော့ ရာဖင်ဟာက သူ့အနေနဲ့ ဘာစီလိုနာမှာ ဆက်လက်နေထိုင်ခဲ့ခြင်းမှာ ဇာဗီရဲ့တိုက်တွန်းချက်ကြောင့်ဖြစ်တယ်လို့ ပြောကြားလာခဲ့ပြီး ဟန်ဆီဖလစ်ကလည်း သူ့ကို မတွေ့ဖူးခင်ကတည်းက အရေးပါတဲ့ကစားသမားဖြစ်ကြောင်း သိထားတယ်လို့ဆိုပါတယ်။ ဘရာဇီးသားက “ပြီးခဲ့တဲ့ရာသီက ကျွန်တော့်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကောလာဟလတွေထွက်ပေါ်ခဲ့ပေမယ့် ဇာဗီကကျွန်တော့်ကို အားကိုးကြောင်းပြောခဲ့ပါတယ်။ သူသာဘာစီလိုနာနည်းပြမဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်ကလည်း ဒီအသင်းအင်္ကျီကို ဝတ်ခွင့်ရမှာမဟုတ်ပါဘူး။ ကျွန်တော့်ကို အလုပ်ကြိုးစားဖို့နဲ့ ဘာစီလိုနာအတွက်အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ဖို့ ဇာဗီက တွန်းအားပေးခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိနည်းပြ ဖလစ်နဲ့ပတ်သက်ပြီးတော့လည်း ရာဖင်ဟာက “သူ ဘာစီလိုနာကိုတရားဝင်ရောက်ရှိကြောင်း ကြေညာအပြီးမှာ ကျွန်တော့်ကိုဖုန်းဆက်ပြီး ကျွန်တော်က သူ့အတွက်အရမ်းအရေးပါတဲ့ကစားသမားဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။အဲဒီအချိန်မှာ သူနဲ့ကျွန်တော်မဆုံဖူးသေးသလို၊ ကျွန်တော့်ရဲ့လေ့ကျင့်ရေးအစီအစဉ်ကိုလည်း သူမမြင်ဖူးသေးပါဘူး။ ဒါပေမယ့် အဲဒီစကားကြောင့် ကျွန်တော်ဘာစီလိုနာမှာဆက်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိလာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာသာရပ်တည်နေရတဲ့ ဘာစီလိုနာဟာ တနင်္ဂနွေနေ့မှာတော့ ဆီဗီလာနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ဟန်ဆီဖလစ်ရဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ ၄ မှတ်ကွာဟနေပါတယ်။