The network connection is lost.

Banner Image

ဘာစီလိုနာအတွက် ဒီလောက်အထိခြေစွမ်းပြသနိုင်မယ်လို့ မမျှော်လင့်ထားကြောင်း ရာဖင်ဟာဝန်ခံ

မကြာသေးမီကပြီးဆုံးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၃၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂၂ ကြိမ်အထိပြုလုပ်ကာ ဆုဖလား ၃ လုံးအထိဆွတ်ခူးပေးနိုင်ခဲ့တဲ့ ရာဖင်ဟာက သူ့အနေနဲ့ အခုလောက်အထိ ခြေစွမ်းပြသနိုင်မယ်လို့ မျှော်လင့်မထားခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။  ဘရာဇီးလက်ရွေးစင်ဟာ ပြည်တွင်းဆုဖလားတွေကိုသာ သိမ်းပိုက်နိုင်ခဲ့ပေမယ့် ထိပ်တန်းခြေစွမ်းကြောင့် ဘောလွန်းဒီအော်ဆုကို ရရှိဖို့အတွက်ပါ ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ရာဖင်ဟာက "ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော်ဒီလောက်အထိ စွမ်းဆောင်နိုင်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒီလောက်အထိ ဂိုးတွေသွင်းနိုင်မယ်လို့လည်း မထင်ထားပါဘူး။ အသင်းအတွက်ဂိုးတွေသွင်းရတာနဲ့ အသင်းဖော်တွေအတွက် ဖန်တီးမှုတွေပြုလုပ်ရတာက ကျွန်တော့်အတွက်တော့ အရမ်းပျော်စရာကောင်းပါတယ်။ ဒီရာသီက သမိုင်းတွင်တဲ့ရာသီတစ်ခုဖြစ်သလို၊ ကျွန်တော့်ကစားသမားဘဝ အကောင်းဆုံးရာသီလည်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အတွက်ရော အသင်းအတွက်ပါ ဂုဏ်ယူမိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ရာဖင်ဟာက ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာမှ ထွက်ခွာဖို့နီးစပ်ခဲ့ကြောင်းဝန်ခံခဲ့ပြီး နည်းပြသစ် ဟန်ဆီဖလစ်ရဲ့ ကူညီမှုကြောင့်သာ အသင်းမှာဆက်ရှိခဲ့တယ်လို့ဆိုပါတယ်။ ဘရာဇီးသားက "ကျွန်တော်က ကျွန်တော့်ကိုအလိုမရှိတဲ့နေရာကနေ ထွက်သွားဖို့ပဲဆန္ဒရှိတဲ့လူမျိုးပါ။ တကယ်လို့ ဘာစီလိုနာက ကျွန်တော့်ကိုမလိုအပ်တော့ရင် ထွက်သွားဖို့ ပြင်ဆင်ထားပြီးသားပါ"

"ကျွန်တော့်မှာ ကိုယ်ပိုင်မျှော်လင့်ချက်တွေရှိပါတယ်။ ကစားခွင့်ရဖို့ အရေးကြီးပါတယ်။ ရာသီမစခင်က ကျွန်တော်ဒီမှာဆက်နေလည်း ကစားခွင့်ရမှာမဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အသင်းကနေထွက်ခွာဖို့စဉ်းစားခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်အခွင့်အရေးသစ်တွေရခဲ့ပြီး ကျွန်တော့်ရဲ့အလားအလာကိုလည်း ပြသနိုင်ခဲ့ပါတယ်"

"နည်းပြက ကျွန်တော့်ကိုဖုန်းခေါ်ပြီး အားကိုးချင်တယ်လို့ပြောခဲ့ပါတယ်။ အဲဒီဖုန်းခေါ်ဆိုမှုက ကျွန်တော့်အတွက်အရမ်းအရေးကြီးပြီး အသင်းမှာဆက်နေစေခဲ့ပါတယ်။ ကျွန်တော့်ကိုတားဆီးနိုင်တဲ့လူက သူတစ်ယောက်ပဲရှိပြီး တကယ်လည်းတားဆီးခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရာဖင်ဟာတစ်ယောက် ဘာစီလိုနာမှာ ဆက်လက်နေထိုင်ဖို့ သေချာနေပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုထားခဲ့ပြီလည်းဖြစ်ပါတယ်။