
ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ချဲလ်ဆီးစတားဟောင်းကို ခေါ်ယူဖို့ ဆွေးနွေးခဲ့တဲ့ အာဆင်နယ်
သတင်းတွေအရ အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ချဲလ်ဆီးစတားဟောင်း မိုရာတာကိုခေါ်ယူဖို့ ချိတ်ဆက်ခဲ့သေးကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ မိုရာတာအပြင် ဘိုင်ယန်စတား တဲလ်ကိုလည်း ချိတ်ဆက်ခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ဂျီးဆပ်စ်တစ်ယောက် အရွတ်ကြောဒဏ်ရာကြောင့် ကာလရှည်နားရမယ့်အနေအထားအပြင် ဆာကာလည်း တံကောက်ကြောဒဏ်ရာကြောင့် နားနေခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် အာတီတာက လက်ရှိလူအင်အားနဲ့ ၂၁ နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မယ်လို့ ထင်မြင်နေပါတယ်။ ဆောင်းရာသီဈေးကွက်မှာ လူအင်အားမဖြည့်တင်းခဲ့ပေမယ့် အာဆင်နယ်ဟာ ကစားသမားတော်တော်များများကို စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဆောင်းဈေးကွက်မှာ ဗီလာတိုက်စစ်မှူး ဝက်တ်ကင်းကို တရားဝင်ကမ်းလှမ်းခဲ့ပေမယ့် ဗီလာဘက်က ဒူရန်ကို ဆော်ဒီမြေထံရောင်းထုတ်ခဲ့ပြီးနောက် အာဆင်နယ်ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။
ဗီလာစတားအပြင် အာဆင်နယ်ဟာ တဲလ် နဲ့ မိုရာတာတို့ကိုလည်း ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ ဘိုင်ယန်စတား တဲလ်ကို အာဆင်နယ်က ဆွေးနွေးခဲ့ပေမယ့် အဆုံးသတ်မှာ တော့တင်ဟမ်ကသာ ခေါ်ယူနိုင်ခဲ့ပါတယ်။ တဲလ်ဟာ ကွန်ပနီလက်အောက်မှာ ပွဲထွက်ခွင့်ရုန်းကန်ခဲ့ရပြီးနောက် တော့တင်ဟမ်ကိုပြောင်းရွှေ့ခဲ့ပြီး ဗီလာကိုအရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲ နဲ့ လီဗာပူးကိုအရေးနိမ့်ခဲ့တဲ့ ကာရာဘောင်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲမှာ တော့တင်ဟမ်အတွက် ပါဝင်ကစားခဲ့ပါတယ်။
ဗီလာဘက်က အပြောင်းအရွှေ့ကို ပယ်ချခဲ့ပြီးနောက် အာဆင်နယ်ဟာ ချဲလ်ဆီးစတားဟောင်း မိုရာတာကို ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။အပြောင်းအရွှေ့ပိတ်ခဲ့ပြီးနောက် အာတီတာက ကစားသမားအင်အားမဖြည့်တင်းနိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိပေမယ့် အသင်းရဲ့အပြောင်းအရွှေ့ဈေးကွက်ထဲမှာ စည်းကမ်းရှိမှုကို ချီးကျူးခဲ့ပါတယ်။ “အပြောင်းအရွှေ့ဖွင့်ချိန်တိုင်းမှာ ကျွန်တော်တို့အသင်းအတွက် အကျိုးပြုနိုင်မယ့်ကစားသမားမျိုးပဲရှာဖွေမယ်ဆိုတာ ရှင်းလင်းခဲ့ပါတယ်။ ဒဏ်ရာရကစားသမားတွေများပြားနေပေမယ့် ကျွန်တော်တို့ ထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အောင်မြင်မှုတော့ မရသေးပါဘူး။ ကျွန်တော်တို့ ကစားသမားသစ်မခေါ်ယူနိုင်ခဲ့လို့ စိတ်ပျက်ခဲ့ပေမယ့် ကျွန်တော်တို့ အသင်းအတွက်အကျိုးပြုမယ့်ကစားသမားကိုသာ ခေါ်ယူဖို့ အရမ်းသတိထားခဲ့ပါတယ်။ အဲ့တာ ပရိုဖိုင်တစ်ခုပါ။ ပြီးတော့ ကျွန်တော်တို့အတွက် အကျိုးပြုမယ့်ကကစားသမားကိုသာ ခေါ်ယူမှာပါ။ ဘဏ္ဍာရေးပိုင်းဆိုင်ရာအရ နည်းလမ်းတွေအများကြီးရှိပေမယ့် ကျွန်တော်တို့လုပ်ဆောင်နေကျအတိုင်းပဲ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
ကာရာဘောင်ဖလားကနေ ထွက်ခဲ့ရပြီးနောက် အာဆင်နယ်ဟာ လက်ရှိမှာ ဒူဘိုင်းရောက်နေပြီး လာမယ့်စနေနေ့မှာ လက်စတာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။