
ဘိုလီဗီးယားနဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့ရလို့ အန်ဆယ်လော့တီကိုဒေါသထွက်နေတဲ့ ရာဖင်ဟာ
ဘရာဇီးလက်ရွေးစင်တောင်ပံကစားသမား ရာဖင်ဟာဟာ ဗုဒ္ဓဟူးနေ့က ဘိုလီဗီးယားကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ သူ့ကို အသုံးပြုဖို့ဆုံးဖြတ်ခဲ့တဲ့ နည်းပြကာလိုအန်ဆယ်လော့တီကို ဒေါသထွက်နေတယ်လို့သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်ကို ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၁၅၀ အမြင့်မှာရှိတဲ့ အယ်လ်တိုမြို့မှာ ကစားခဲ့တာဖြစ်ပြီး အန်ဆယ်လော့တီအနေနဲ့ အသင်းရဲ့အဓိကတောင်ပံကစားသမား ရာဖင်ဟာကိုအနားပေးမယ့်အစား လူစားဝင်ကစားသမားအဖြစ် ဒုတိယပိုင်း မိနစ် ၆၀ ခန့်မှာထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ Diario Sport သတင်းဌာနရဲ့အဆိုအရ အဆိုပါပွဲစဉ်ဟာ ဘရာဇီးအတွက် အရေးပါတဲ့ပွဲစဉ်မဟုတ်တာကြောင့် ရာဖင်ဟာအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အတော်လေးပင်ပန်းခဲ့ပြီး နည်းပြ အန်ဆယ်လော့တီရဲ့ဆုံးဖြတ်ချက်အပေါ် ဒေါသထွက်နေတယ်လို့သိရပါတယ်။ အန်ဆယ်လော့တီရဲ့ဆုံးဖြတ်ချက်ကို ဘာစီလိုနာအသင်းအနေနဲ့လည်း ကြိုက်နှစ်သက်မှာမဟုတ်ကြောင်း သတင်းတွေကဖော်ပြထားပါတယ်။
ဘရာဇီးဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်လို့ ယခုတစ်ခေါက်လူစာရင်းမှာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တွေဖြစ်တဲ့ ဗင်နီစီးယက်စ်၊ ရိုဒရီဂိုနဲ့ မီလီတာအိုတို့ကို ထည့်သွင်းထားခြင်းမရှိဘဲ ဘာစီလိုနာကြယ်ပွင့် ရာဖင်ဟာကိုတော့ လူစာရင်းမှာထည့်သွင်းခဲ့ကာ ဘိုလီဗီးယားနဲ့ပွဲမှာပါ ကစားခိုင်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အန်ဆယ်လော့တီအနေနဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ကိုဘက်လိုက်ပြီး ရာဖင်ဟာကို ပွဲပန်းစေဖို့ တမင်ဖန်တီးခဲ့တယ်လို့လည်း စွပ်စွဲခံနေရတာဖြစ်ပါတယ်။
ပွဲအပြီးမှာ ရာဖင်ဟာက "အသင်းတစ်သင်းအနေနဲ့ သူတို့အနိုင်ရဖို့အတွက် အခြားအသင်းကို ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄ ထောင်ကျော်မှာ ကစားခိုင်းတာက တရားမျှတမှုမရှိဘူးလို့ထင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကြိုးစားယှဉ်ပြိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီပြစ်ဒဏ်ဘောပါ ဘိုလီဗီးယားအတွက်ဖန်တီးပေးလိုက်တော့ ပိုပြီးတော့ ခက်ခဲသွားခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာတော့ ဘာစီလိုနာဟာ လာလီဂါပွဲစဉ်အဖြစ် ဗလန်စီယာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရာဖင်ဟာတစ်ယောက် ပွဲပန်းနေပေမယ့် ဟန်ဆီဖလစ်ရဲ့အသင်းအတွက် ဆက်လက်ပွဲထွက်ကစားသွားဖွယ်ရှိပါတယ်။