The network connection is lost.

Banner Image

အေစီမီလန်မှာပဲ ရာဖေးလ်လီယာအို ဆက်ရှိနေလိမ့်မယ်လို့ အတည်ပြုလိုက်တဲ့ နည်းပြအယ်လီဂရီ

ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့ရဲ့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် အေစီမီလန်မှာပဲ ရာဖေးလ်လီယာအို ဆက်ရှိနေလိမ့်မယ်လို့ နည်းပြသစ်အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

အေစီမီလန်နည်းပြသစ်အဖြစ် စာနယ်ဇင်းမိတ်ဆက်အခမ်းအနားမှာ အယ်လီဂရီက ပေါ်တူဂီတောင်ပံကစားသမားကို အသင်းအတွက် သူ့အစီအစဉ်ရဲ့အဓိကအစိတ်အပိုင်းတစ်ရပ်လို့ အတည်ပြုခဲ့ပါတယ်။ စာချုပ်သက်တမ်းသုံးနှစ်သာကျန်ရှိတဲ့ လီယာအိုအတွက် အပြောင်းအရွှေ့သတင်းတွေ မကြာခဏဆိုသလို ထွက်ပေါ်လေ့ရှိပေမယ့် ကလပ်အသင်းဘက်ကတော့ ကစားသမားကို အသင်းမှာပဲ ဆက်ထိန်းထားဖို့ လိုလားခဲ့ပါတယ်။

လီယာအိုနဲ့ပတ်သက်လို့ မေးမြန်းလာမှုကို အယ်လီဂရီက “ လာမယ့်ဘောလုံးရာသီမှာ လီယာအိုက ထူးရှယ်အရာတွေ လုပ်ပြသွားနိုင်တယ်။ သူ့ဆီမှာပျောက်ဆုံးနေတဲ့အရာတစ်ခုခုကို ကျွန်တော်ကိုယ်တိုင် ထုတ်ယူပြနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။ အသင်းမှာ သူဆက်ရှိနေခဲ့လို့ ကျွန်တော် ဝမ်းမြောက်မိပါတယ်။ အခုတော့ သူကိုယ်တိုင်လည်း ပိုပြီးရင့်ကျက်လာသလို ပိုပြီးတော့လည်း တာဝန်ယူမှု ရှိလာပါတယ်။ သူ့ဆီမှာ ထိပ်တန်းဘောလုံးသမားတစ်ဦးဖြစ်လာစေဖို့အတွက် အရည်အသွေးအားလုံး ရှိပါတယ်။

လီယာအိုကို အခုထက်ပိုကောင်းအောင် ကူညီပေးသွားနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ထားပါတယ်။ သူ့အသက်အရွယ်ကြောင့် ပိုပြီးရင့်ကျက်လာပြီး ငယ်ငယ်ကထက် ပိုပြီးတာဝန်ရှိလာတယ်လို့ ယူဆမိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူနဲ့တွေ့ပြီး စကားပြောခဲ့ပြီးပါပြီ။ ကျွန်တော့်အမြင်အရ အကောင်းဆုံးလုပ်နိုင်မယ့် အခြေအနေတွေ ရှိပါတယ်”လို့ ပြောပါတယ်။

နီကိုဝီလျံစ်ရဲ့နွေရာသီအပြောင်းအရွှေ့နှစ်ကြိမ်ဆက်ငြင်းဆန်မှုကြောင့် ဘာစီလိုနာက လီယာအိုအပေါ် ကာလရှည်စိတ်ဝင်စားမှု ပြသခဲ့ပါတယ်။ လီယာအိုရဲ့အေးဂျင့် မန်ဒက်စ်နဲ့ ခိုင်မာတဲ့ဆက်ဆံရေးမျိုး တည်ဆောက်ထားနိုင်ပေမယ့် အခုအချိန်မှာတော့ ဘာစီလိုနာက ဘယ်တောင်ပံတိုက်စစ်နေရာအတွက် အခြားနေရာမှ ရှာဖွေသွားရပါလိမ့်မယ်။ လတ်တလောသတင်းတွေအရ စပိန်ထိပ်သီးကလပ်အသင်းက လူးဝစ်ဒီယက်ဇ်နဲ့ မားကပ်ရက်ရှ်ဖို့ဒ်တို့ကို အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။ အလားတူ ဘိုင်ယန်မြူးနစ်ကလည်း လီယာအိုကို စိတ်ဝင်စားဖွယ်ရှိတယ်လို့ သိရပေမယ့် ကစားသမားကိုယ်တိုင်က မကြာသေးခင်ကပဲ ကောလာဟလတွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။

အေစီမီလန်က ဈေးကွက်အတွင်းမှာ ဆက်လက်လှုပ်ရှားနေလိမ့်မယ်လို့ မျှော်လင့်ရပေမယ့် အယ်လီဂရီကတော့ နောက်ထပ်အဓိကကစားသမားထွက်ခွာမှုတွေကို တားမြစ်ခဲ့ပါတယ်။ ပေါ်တူဂီသားဆက်ရှိနေမှုနဲ့အတူ မီလန်အခြေစိုက်ကလပ်အသင်းက အခြားနေရာတွေအတွက် အင်အားဖြည့်တင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်။ အယ်လီဂရီအတွက် စိန်ခေါ်မှုကတော့ အဓိကကစားသမားတွေကို လှုံ့ဆော်ပေးဖို့အပြင် အသင်းကို ပြန်လည်တည်ဆောက်သွားနိုင်ရေးပဲ ဖြစ်ပါတယ်။