The network connection is lost.

Banner Image

ဘာပေနေရာမှာ အစားထိုးဖို့ ချဲလ်ဆီးရဲ့ ပေါင် ၁၁၂ သန်းတန်ပစ်မှတ်ဆီကို မြားဦးလှည့်လာတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ ရာသီကုန်မှာ အသင်းကနေထွက်ခွာမယ်လို့ အတည်ပြုလာခဲ့တဲ့ ကီလီယန်အမ်ဘာပေရဲ့နေရာမှာ အစားထိုးဖို့ ချဲလ်ဆီးက ပစ်မှတ်ထားနေတဲ့ ပေါင် ၁၁၂ သန်းတန်ကစားသမားကို ခေါ်ယူဖို့ကြိုးစားလာခဲ့ပါတယ်။ မကြာသေးမီ ရာသီတွေမှာကတည်းက ဘာပေဟာ ပြင်သစ်ချန်ပီယံအသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်ထားခဲ့ပေမယ့် ပီအက်စ်ဂျီက အတတ်နိုင်ဆုံး ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ယခုအခါမှာတော့ ကစားသမားဟာ ၂၀၂၄-၂၅ ရာသီအတွက် အသင်းသစ်ကို ပြောင်းရွှေ့တော့မယ်လို့ ကြာသပတေးနေ့က အတည်ပြုလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီအနေနဲ့ အသက်-၂၅ နှစ်အရွယ် ကစားသမားရဲ့နေရာမှာ အပူတပြင်းအစားထိုးနိုင်ဖို့ ကစားသမားရှာဖွေမှုတွေပြုလုပ်လာတာ ဖြစ်ပါတယ်။

သတင်းတွေအရ ပီအက်စ်ဂျီဟာ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမင်ကို ခေါ်ယူဖို့ ကြိုးစားလာတာကြောင့် ချဲလ်ဆီးအတွက် အနှောင့်အယှက်ကြီးကြီးမားမား ဖြစ်လာနိုင်ချေရှိနေပါတယ်။ ချဲလ်ဆီးနည်းပြ မော်ရီစီယိုပိုချက်တီနိုက လာမယ့်ရာသီသစ်မတိုင်ခင်မှာ တိုက်စစ်မှူးသစ် လိုအပ်တယ်လို့ အတိအလင်းပြောကြားထားတာကြောင့် စတန်းဖို့ဒ်ဘရစ်ချ်အသင်းဟာ ဗစ်တာအိုဆီမင်ကို သေချာပေါက်ခေါ်ယူဖို့ ကြိုးစားလာတာဖြစ်ပါတယ်။

နိုင်ဂျီးရီးယားလက်ရွေးစင် ကစားသမားကတော့ နာပိုလီနဲ့ ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးထားပြီး စာချုပ်ဖျက်သိမ်းကြေးမှာ ပေါင် ၁၁၂ သန်းအထိ တန်ကြေးရှိနေတယ်လို့ သိရပါတယ်။ အမ်ဘာပေရဲ့ထွက်ခွာမှုနဲ့အတူ ပီအက်စ်ဂျီက အသင်းရဲ့ဘဏ္ဍာရေးပိုင်းမှာ ပိုမိုတောင့်တင်းလာတော့မှာဖြစ်တာကြောင့် အိုဆီမင်ကို ခေါ်ယူဖို့ လာမယ့်နွေရာသီမှာတော့ ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုထက် ပိုမိုကောင်းမွန်တဲ့ သဘောတူညီချက်တစ်ရပ်ကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အသက်-၂၅ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ လက်ရှိနာပိုလီအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ဒီရာသီမှာ ၈ ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။