ချဲလ်ဆီးစတားနေရာမှာ အစားထိုးရမယ်လို့ ထောက်ပြလိုက်တဲ့ ဂယ်ရီနဗီးလ်
စကိုင်းစပေါ့တ်အစီအစဉ်တင်ဆက်သူ ဂယ်ရီနဗီးလ်က မန်စီးတီးနဲ့ပွဲမှာ အမှားတွေလုပ်ခဲ့တဲ့ ဂိုးသမား ဆန်းချက်ဇ်နေရာမှာ အစားထိုးရမယ်လို့ ယုံကြည်နေပါတယ်။ စနေနေ့က မန်စီးတီးကို ၃-၁ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဆန်းချက်ဇ်တစ်ယောက် အမှားတွေလုပ်ခဲ့တာဖြစ်ပြီး ၃-၁ နဲ့ အရေးနိမ့်စေခဲ့တာဖြစ်ပါတယ်။ဟာလန်းရဲ့ဒုတိယမြောက်ဂိုးမှာလည်း ဆန်းချက်ရဲ့အမှားမကင်းခဲ့ပဲ အဲ့နောက် တတိယမြောက်ဂိုးကို ဖိုဒန်ကသွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒီရာသီမှာ ဆန်းချက်ဇ်တစ်ယောက် အမှားတွေများနေပြီး ဝုဗ်နဲ့ပွဲမှာလည်း အမှားလုပ်ခဲ့သလို အခုစီးတီးနဲ့ပွဲမှာလည်း ထပ်မံအမှားလုပ်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဂန္ထဝင်ဟောင်း နဗီးလ်ကတော့ မာရက်စ်ကာအနေနဲ့ ဆန်းချက်ဇ်နေရာအတွက် ဂိုးသမားသစ်ရှာဖွေရမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ “ဂိုးသမားက ဘာလုပ်နေလဲ?။ ဘာကြောင့် သူဒီနေရာမှာ ရှိနေတာလဲ?။ တကယ့်ကို ဆိုးဝါးတဲ့ဆုံးဖြတ်ချက်ပါ။ကျွန်တော်တို့ ဂိုးသမားအကြောင်းပြောရပါမယ်။ တကယ်လို့ ဂိုးသမားအနေနဲ့ ၂၅ ကိုက်အကွာမှာရှိမနေဘူးဆိုရင် အဲ့တာက ဂိုးတစ်ဂိုးဖြစ်မလာနိုင်ပါဘူး။
သူဘာလုပ်နေတာလဲ။ ဂိုးသမားတစ်ဦးမှာ နေရာယူတတ်ဖို့ အရေးကြီးပါတယ်။ ချဲလ်ဆီးဘက်က အချိန်မီ အဲ့ပြဿနာကို ဖြေရှင်းရပါမယ်။ တစ်ပတ်ပြီးတစ်ပတ် သူက အမှားတွေလုပ်နေပါတယ်။ အခုအမှားကလည်း ပွဲအလှည့်အပြောင်းကို ဖြစ်စေခဲ့တာပါ”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။ မာရက်စ်ကာအနေနဲ့ ဆန်းချက်ဇ်နေရာမှာ ဗီလာရီးရဲလ်စတား ဂျော်ဂျင်ဆန်ရှိနေပြီး ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲအထိ ပါဝင်ကစားထားပါတယ်။
ချဲလ်ဆီးဘက်က လက်ရှိမှာ ကီပါကို ဘုန်းမောက်အသင်းထံမှာ အငှားချထားပြီး ပက်ထရိုဗစ်ကိုတော့ စထရာဘော့ဂျ်အသင်းထံ အပြီးသတ်ရောင်းထုတ်ထားပါတယ်။