The network connection is lost.

Banner Image

ဖူလ်ဟမ်ကိုရှုံးနိမ့်ခဲ့ခြင်း ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းအတွက် ထိခိုက်မှုမရှိနိုင်ကြောင်း ပြောကြားလာတဲ့ မာရက်စ်ကာ

ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူလ်ဟမ်ကို ၁-၂ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အဆိုပါရှုံးပွဲဟာ လီဗာပူးနဲ့ယှဉ်ပြိုင်နေတဲ့ အမှတ်ပေးဖလား ပြေးလမ်းကြောင်းအတွက် တစ်စုံတစ်ရာထိခိုက်မှုမရှိနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ချဲလ်ဆီးဟာ ပွဲအစ ၁၆ မိနစ်မှာပဲ ကွင်းလယ်ကြယ်ပွင့် ကိုးလ်ပယ်လ်မာရဲ့ဂိုးနဲ့အတူ စတန်းဖို့ဒ်ဘရစ်ချ်မှာ စောစောစီးစီးဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ခွင့်ပြုခဲ့ရတဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဖူလ်ဟမ်အတွက် ချေပဂိုးနဲ့အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်း ပွဲပြီးဆုံးကာနီးအချိန်တွေမှာ လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဟယ်ရီဝယ်လ်ဆန်နဲ့ ရိုဒရီဂိုမူနစ်ဇ်တို့က ပြန်လည်သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ 

ယခုပွဲစဉ်မှာသာအနိုင်ရခဲ့ပါက ချဲလ်ဆီးအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးကို ရမှတ် ၁ မှတ်အကွာနဲ့ ခေတ္တ ဖိအားပေးနိုင်မှာဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့တာကြောင့် ယခုအခါမှာတော့ ရမှတ် ၇ မှတ်အထိကွာဟသွားခဲ့ကာ တတိယနေရာသို့ဆင်းပေးရဖို့လည်း အလားအလာများသွားပါတယ်။ ပွဲအပြီးမှာ မာရက်စ်ကာက “ဒုတိယပိုင်းပွဲအစ ၁၀ မိနစ် ၁၅ မိနစ်လောက်မှာ ကျွန်တော်တို့ သူတို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းမရှိဘဲ အခွင့်အရေးတွေ ခွင့်ပြုခဲ့ရပါတယ်။ ပထမပိုင်းကလိုခြေစွမ်းမျိုး ကျွန်တော်တို့မှာမရှိခဲ့ပါဘူး”

“သရေကျဖို့၊ ဒါမှမဟုတ်အနိုင်ရဖို့နီးစပ်ခဲ့ပေမယ့် ကံမကောင်းစွာပဲ နောက်ဆုံးမိနစ်မှာ ဦးဆောင်ဂိုးပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ ဒီပွဲကို ကျွန်တော်တို့ ဒီထက်ပိုကောင်အောင်ကစားနိုင်ခဲ့သင့်ပါတယ်။ ဖူလ်ဟမ်ကလည်း တန်ပြန်တိုက်စစ်အရမ်းကောင်းတဲ့အသင်းပါ။ ကျွန်တော်တို့အားလုံး ဒီပွဲကနေ သင်ခန်းစာယူနိုင်ဖို့ လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဒီရှုံးပွဲကြောင့် ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းမှာ လီဗာပူးထက် နောက်ကောက်ကျနိုင်သလားဆိုတဲ့မေးခွန်းကို အီတလီသားက “အဲဒီလိုမဖြစ်ပါဘူး။ ဒါက ကံမကောင်းလို့ရှုံးခဲ့တဲ့ပွဲစဉ်လေးတစ်ပွဲပါပဲ။ လာမယ့် ၃ ရက်အတွင်းမှာ နောက်ပွဲကစားနိုင်ဖို့ ကျွန်တော်တို့ ကြံ့ခိုင်မှုပြန်လည်တည်ဆောက်သွားရပါမယ်” လို့ဖြေကြားခဲ့ပါတယ်။