
အကယ်ဒမီထွက် ကစားသမား ချာလိုဘချ်ကို ဇန်နဝါရီမှာ ရောင်းချရန် စီစဉ်နေတဲ့ ချဲလ်ဆီး
အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းရရေးအတွက် အကောင်းဆုံး ပြင်ဆင်တည်ဆောက်နေပေမဲ့ ရလဒ်ပိုင်း မကောင်းမွန်သေးတဲ့ ချဲလ်ဆီးအသင်းက ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်း အပြောင်းအရွှေ့ပြုလုပ်ရန် ဆန္ဒပြင်းပြနေတဲ့ နောက်တန်းကစားသမား ချာလိုဘချ်ကို ဇန်နဝါရီတွင် ရောင်းချရန် စိတ်အားထက်သန်နေတာပဲ ဖြစ်ပါတယ်။
ချဲလ်းဆီးအသင်းက ပြီးခဲ့တဲ့ ရာသီကြို အပြောင်းအရွှေ့ကာလအတွင်းမှာ ကလပ်ပြောင်းရွှေ့ကစားရန် ဆန္ဒပြင်းပြနေတဲ့ အကယ်ဒမီထွက်နောက်တန်းကစားသမား ချာလိုဘချ်ကို ပေါင် ၂၅ သန်းဖြင့် ရောင်းချရန် နော်တင်ဟမ်ဖော်ရက်စ်အသင်းနဲ့ သဘောတူညီမှုရယူနိုင်ခဲ့ပေမဲ့ ကစားသမားက ဂျာမန်မြေကိုသာ ပြောင်းရွှေ့ချင်တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။
ချာလိုဘချ်အနေဖြင့် ချဲလ်ဆီးအသင်းမှာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ဇန်နဝါရီရောက်မှသာ အပြောင်းအရွှေ့လုပ်ဆောင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ကမ္ဘာကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ နည်းပြ ပိုချက်တီနို အနေဖြင့် အကယ်ဒမီထွက်ကစားသမားတွေကို ရောင်းချရန် ဆန္ဒမရှိပေမဲ့ ကလပ်အသင်း ဘက်က ဇန်နဝါရီတွင် ချာလိုဘချ်ကို ရောင်းချရန် စီစဉ်နေတာ ဖြစ်ပါတယ်။
ဇန်နဝါရီလအတွင်း ချဲလ်ဆီးအသင်းက ချာလိုဘချ်ကိုသာ ရောင်းချဖြစ်ခဲ့ပါက ပြီးခဲ့တဲ့ ရာသီကြိုအပြောင်းအရွှေ့ကာလမှ စတင်ကာ မေဆင်မောင့်၊ ကိုင်ဟာဗက်ဇ်၊ ကိုဗာဆစ်၊ ကန်တေ အပါဝင် ကစားသမား ၁၅ဦးအထိ ရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အပြန်အလှန်အားဖြင့် ချဲလ်ဆီးအသင်းက အဓိကကစားသမားအစုအဖွဲ့ကို ရောင်းချထားခဲ့သလို ထိပ်တန်းကစားသမားခေါ်ယူမှုတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတစ်ခုတည်းအတွင်းမှာ စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀၀ အထိ အသုံးပြုထားခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ပိုချက်တီနိုဦးဆောင်တဲ့ ချဲလ်ဆီးအသင်းက လာမယ့် အပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပုံစံကောင်းရနေတဲ့ အက်စ်တွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။