ဘယ်လိုပြစ်ဒဏ်ချမှတ်မှုမျိုးမဆို အတိတ်ကို ပြန်လည်ကုစားပေးဖို့ မဖြစ်နိုင်ဘူးလို့ ပိုချက်တီနိုပြောကြား
တော့တင်ဟမ်နဲ့ ချဲလ်ဆီးနည်းပြဟောင်း၊ လက်ရှိအမေရိကန်လက်ရွေးစင်အသင်းနည်းပြ ပိုချက်တီနိုက မန်စီးတီးအသင်းရင်ဆိုင်နေရတဲ့ အမှုအခင်းတွေနဲ့ပတ်သက်လို့ ထတု်ဖော်ပြောဆိုလာပါတယ်။
ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက် ၁၁၅ ခုအနက် ၁၁၄ ခုမှာ မန်စီးတီးအသင်း အပြစ်ရှိတယ်ဆိုတဲ့ တွေ့ရှိချက် ထွက်ပေါ်လာပြီးနောက် ဒီပြစ်ချက်တွေကြောင့် အီတီဟတ်ကလပ်အသင်းရဲ့ ချန်ပီယံဆုတွေ ရုပ်သိမ်းခံရတာ သို့မဟုတ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရတာတွေ ဖြစ်လာနိုင်ပါတယ်။
မန်စီးတီးကတော့ ဒီစွဲချက်တွေနဲ့ပတ်သက်လို့ အယူခံဝင်သွားဖို့ ရှိနေပြီး အမှားအယွင်း တစ်စုံတစ်ရာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အမှုလုပ်ငန်းစဉ်တွေ ဆက်လက်ဖြစ်ပေါ်နေချိန် ကစားသမားဟောင်းတွေရဲ့ ဆုဖလားပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုသံ ထွက်ပေါ်လာလို့ ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အကြား မန်စီးတီးဆွတ်ခူးခဲ့တဲ့ ဆုဖလားအောင်မြင်မှုတွေမှာ အမည်းစက်ထင်ကျန်ရစ်ခဲ့ပြီဆိုတာ ငြင်းမရတော့ပါဘူး။
အခုတော့ ဒီလိုမတော်မတရားမှုကြောင့် ပရီးမီးယားလိဂ်ကိုယ်တိုင်လည်း ဘယ်တော့မှ ပြန်လည်နာလန်ထူနိုင်စရာ မရှိတော့ဘူးလို့ ယုံကြည်သူတစ်ဦး ထွက်ပေါ်လာပါတယ်။ သူကတော့ ပိုချက်တီနိုပဲ ဖြစ်ပါတယ်။
ပိုချက်တီနိုက "စွဲချက် ၁၁၅ ခုအနက် ၁၁၄ ခုမှာ အပြစ်ရှိတယ်လို့ စီရင်ချက်ချခံရချိန်တိုင်း တရားမျှတမှုရှိစေဖို့ ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်သင့်သလဲဆိုတာ သိရှိနိုင်ဖို့အတွက် အလွန်ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြတဲ့ နော်တင်ဟမ်ဖောရက်စ် ဒါမှမဟုတ် အဲဗာတန်တို့လို တခြားကလပ်တွေလည်း ရှိခဲ့ပြီး ရမှတ်လျှော့ခံရတာ ဒါမှမဟုတ် ဒဏ်ငွေပေးဆောင်ရတာ စတဲ့ မတူညီတဲ့ ပြစ်ဒဏ်တွေကို ကျခံခဲ့ကြရလို့ပါပဲ။ စီရင်ချက်ရဲ့ကြီးမားကျယ်ပြန့်မှုအရ ဒါက အံ့အားသင့်စရာဖြစ်စေတဲ့ အလွန်ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ စည်းမျဉ်းတွေကို ဒီလိုမျိုး ချိုးဖောက်နိုင်အောင်အထိ ထိန်းကျောင်းကြပ်မတ်မှုတွေ ဘယ်ရောက်နေခဲ့သလဲလို့ မေးခွန်းထုတ်တာလည်း သဘာဝကျပါတယ်။ အဲဒါက ကျွန်တော့်ရဲ့အာရုံကို အဖမ်းစားဆုံးအချက်ပါပဲ"
"ဒါက အလွန်စိတ်မကောင်းစရာ အခြေအနေတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ အောင်မြင်မှုရယူပြီး အောင်ပွဲခံခဲ့တဲ့ အရာတွေက အစစ်အမှန် မဟုတ်ခဲ့တာမျိုး ဖြစ်နိုင်သလို သိပ်မကောင်းခဲ့တဲ့ အရာတွေကလည်း ပိုမို ကောင်းမွန်လာနိုင်ခဲ့လို့ပါပဲ။ ကျွန်တော်တို့က အားကစားဆိုင်ရာတရားမျှတမှုမရှိတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ကြရတာပါ။ အကယ်၍ စွဲချက်တွေမှာ အပြစ်ရှိကြောင်း အတည်ဖြစ်သွားမယ်ဆိုရင် ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို ပြန်လည်ကုစားပေးဖို့ အလွန်ခက်ခဲပါလိမ့်မယ်။ အနည်းဆုံးတော့ အနာဂတ်မှာ တန်းတူညီမျှမှုရှိစေဖို့အတွက် ဒါက သင်ခန်းစာတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။"
"သူတို့ကိုယ်တိုင်လည်း စည်းမျဉ်း ၁၁၄ ခုကို ချိုးဖောက်ခဲ့တယ်ဆိုတာ အမှန်ဖြစ်ခဲ့ရင် ကျွန်တော်တို့က လှည့်စားမှုတွေ ပြည့်နှက်နေတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ကြရတာပါ။ ဘယ်လိုပြစ်ဒဏ်မျိုးကမှ ဖြစ်ပျက်ခဲ့ပြီးသမျှကို ပြန်လည်ပြင်ဆင်ကုစားပေးနိုင်မှာ မဟုတ်သလို ပရီးမီးယားလိဂ်ရဲ့ထိန်းကျောင်းကြပ်မတ်မှုစနစ်လည်း ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပါပြီ"
"ကျွန်တော် တော့တင်ဟမ်မှာ တာဝန်ယူချိန်၊ ချဲလ်ဆီးနဲ့ ချန်ပီယံဆုအတွက် အပြိုင်လုခဲ့ရတဲ့ အခိုက်အတန့်နဲ့ပတ်သက်ပြီး အဲဒီတုန်းက ကျွန်တော် ပြောခဲ့ဖူးပါတယ်။ သူတို့က ရမှတ်တွေ ပိုရခဲ့လို့ ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပေမဲ့ ဒါက စည်းမျဉ်းတွေချိုးဖောက်ပြီး ရယူခဲ့တာပါ။ ဒါကို ခင်ဗျားတို့ ဘယ်လို ပြန်လည် ကုစားပေးမလဲ?" လို့ ဆိုပါတယ်။
ဒီအမှုလုပ်ငန်းစဉ် ပြီးဆုံးဖို့ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သေးတယ်လို့ မန်စီးတီးဥက္ကဋ္ဌအယ်လ်မူဘာရက်ခ်ကိုယ်တိုင် ပြောကြားထားချိန်မှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေကတော့ စွဲချက်တွေနဲ့ပတ်သက်တဲ့ နစ်နာကြေးရရှိရေးအတွက် ဥပဒေရေးရာ အကြံဉာဏ်တွေ ရယူနေကြပါတယ်။