လီဗာပူးကနေ ကလော့ပ်ထွက်ခွာတော့မယ်လို့သိလိုက်ရပြီးနောက်မှာ ဘယ်လောက်အထိထိတ်လိန့်သွားခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြောကြားလာတဲ့ ဆာလက်
မကြာသေးမီက လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ လာမယ့်နွေရာသီမှာပဲ အန်ဖီးလ်ကနေထွက်ခွာတော့မယ်လို့ကြေညာခဲ့ပြီး ဘောလုံးလောကတစ်ခုလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ယခုအခါမှာတော့ အသင်းရဲ့တိုက်စစ်မှူး မိုဟာမက်ဆာလက်ကလည်း ကလော့ပ်ရဲ့ဆုံးဖြတ်ချက်ကိုကြားသိလိုက်ရပြီးနောက်မှာ ဘယ်လောက်အထိထိတ်လန့်သွားခဲ့ရတယ်ဆိုတာကို ထုတ်ဖော်ဖွင့်ဟလာခဲ့ပါတယ်။
အသက်-၅၆ နှစ်အရွယ် ဂျာမန်သား ကလော့ပ်ဟာ လီဗာပူးမှာ ၁၀ စုနှစ် ၁ ခုအကြာ နေထိုင်ခဲ့တာဖြစ်ပြီး လီဗာပူးဆိုတာနဲ့ ကလော့ပ်နဲ့တွဲမြင်ရလောက်တဲ့အထိ အတွဲအဖက်မိခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ လီဗာပူးကိုစတင်ရောက်ရှိလာတဲ့ ကလော့ပ်ဟာ အသင်းကို အကောင်းဆုံးတည်ဆောက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးပေးခဲ့တာကြောင့် အန်ဖီးလ်ရဲ့ ရွှေရောင်နေ့ရက်တွေကို ဖန်တီးပေးခဲ့တဲ့ လူသားတစ်ယောက်ဖြစ်ပါတယ်။
ဒါ့အပြင် ကလော့ပ်ဟာ လီဗာပူးကို အက်ဖ်အေဖလား၊ လိဂ်ဖလားတွေနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားအပြင် ယူအီးအက်ဖ်အေ စူပါဖလားတွေအထိပါ ဆွတ်ခူးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အသင်းကနေထွက်ခွာမယ့်အကြောင်းကို ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ကလော့ပ်က "ကျွန်တော် ဒီကလပ်နဲ့ပတ်သက်တဲ့ အရာအားလုံးကိုချစ်မြတ်နိုးပါတယ်။ ပရိသတ်တွေ၊ ဒီမြို့နဲ့သက်ဆိုင်တဲ့အရာတွေနဲ့ ဝန်ထမ်းတွေအားလုံးကို ချစ်ခင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဆုံးဖြတ်ချက်ချဖို့အချိန်တန်ပြီလို့ ယူဆထားပါတယ်"
"ဘယ်လိုပြောရမလဲ။ ကျွန်တော်စွမ်းအင်ကုန်နေပါပြီ။ ကျွန်တော့်မှာ အခုဘာပြဿနာမှမရှိပါဘူး။ ကျွန်တော် ဒီလိုကြေညာရမယ်ဆိုတာ သိနေတာကြာပါပြီ။ ကျွန်တော်အခုအဆင်ပြေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုအခါမှာတော့ ကလော့ပ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်မယ့်နည်းပြအဖြစ် လေဗာကူဆင်ကို အကောင်းဆုံးဦးဆောင်ထားနိုင်တဲ့ ဇာဘီအလွန်ဆိုက ရေပန်းအစားဆုံးဖြစ်နေပြီး ဒီရာသီမှာ လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ဖို့အတွက် အကောင်းဆုံးအခြေအနေမှာရှိနေတာဖြစ်ပါတယ်။
ကလော့ပ်ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ကလော့ပ်လက်ထက် အသင်းရဲ့အကောင်းဆုံးခေါ်ယူမှုတွေထဲကတစ်ခုဖြစ်တဲ့ ဆာလက်ကလည်း ဘယ်လောက်အထိ ထိတ်လန့်သွားခဲ့တယ်ဆိုတာကို ထုတ်ဖော်လာခဲ့ပါတယ်။
အီဂျစ်လက်ရွေးစင်ကစားသမားက "ကျွန်တော်တို့ ၁၀ နာရီခွဲမှာ အစည်းအဝေးတစ်ခုပြုလုပ်ဖို့ရှိလို့ အခန်းထဲကိုဝင်လာချိန်မှာ ကလော့ပ်ရဲ့အေးဂျင့်ကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်ကတော့ စာချုပ်သက်တမ်းတိုးဖို့လို့ပဲ ထင်ခဲ့တာပေါ့။ နောက်မှ ဗန်ဒိုက်ခ်က ကျွန်တော့်ကိုပြောပြတယ်။ သူထွက်တော့မှာတဲ့။ ကျွန်တော်လုံးဝ ဆွံ့အသွားခဲ့ပြီး "ဘာကြောင့်လဲ" ဆိုပြီး ထပ်ကာထပ်ကာတွေးနေခဲ့မိပါတယ်" လို့ဖွင့်ဟပြောကြားခဲ့ပါတယ်။
ဒီရာသီမှာ လီဗာပူးဟာ လိဂ်ဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကိုဆွတ်ခူးဖို့အတွက် အခြေအနေကောင်းနေတာကြောင့် ကလော့ပ်ရဲ့နောက်ဆုံးရာသီမှာ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို ဖလား ၄ လုံးစလုံးကို ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။