The network connection is lost.

Banner Image

အင်တာမီလန်နဲ့ပွဲစဉ်မတိုင်ခင် ချန်ပီယံလိဂ်ဖိုင်နယ်စိန်ခေါ်မှုကို ထုတ်ဖော်လိုက်တဲ့ လူးဝစ်အင်းနရစ်

ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က သူ့ရဲ့ကစားသမားတွေဆီ ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးခြင်းဖြင့် ကလပ်အသင်းသမိုင်းသစ်ကို ကိုယ်တိုင်ပါဝင်ရေးသားကြဖို့ စိန်ခေါ်လိုက်ပါတယ်။ ပြင်သစ်ချန်ပီယံပီအက်စ်ဂျီက စီးရီးအေဒုတိယဆုရှင်အင်တာမီလန်နဲ့ လာမယ့်စနေနေ့၊ အလိုင်းယန့်ဇ်အရီနာကွင်းကြီးမှာ ဥရောပရဲ့အဆင့်မြင့်ဆုံးဆုဖလားကြီးအတွက် ယှဉ်ပြိုင်တိုက်ပွဲဝင်သွားရပါမယ်။

လူးဝစ်အင်းနရစ်က သူ့ရဲ့ဖလားနှစ်လုံးချန်ပီယံအသင်းဟာ ဗိုလ်လုပွဲရောက်ရှိဖို့ ထိုက်တန်ပေမယ့် ကာလရှည်မျှော်လင့်ခဲ့ရတဲ့ ဆုဖလားအတွက် စောင့်ဆိုင်းနေရမှုကို မရပ်တန့်နိုင်ဘူးဆိုရင် ကြိုးစားထားသမျှ အရာထင်လာမှာမဟုတ်ဘူးဆိုတာကိုလည်း သိထားပါတယ်လို့ ပြောပါတယ်။

ကလပ်အသင်းရဲ့တရားဝင် X လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဝေမျှလာတဲ့ ဗီဒီယိုတစ်ခုမှာ လူးဝစ်အင်းနရစ်က “ တစ်ပွဲပဲ ကျန်ပါတော့တယ်။ ချန်ပီယံလိဂ်မှာလည်း အသင်းနှစ်ခုပဲ ကျန်ပါတယ်။ အင်တာမီလန်နဲ့ ကျွန်တော်တို့ပေါ့။ အင်တာမီလန်က ကျွန်တော်တို့ထက်ပိုပြီး အတွေ့အကြုံရင့်ပါတယ်။

သူတို့တွေ ချန်ပီယံလိဂ်ဖိုင်နယ်ဆီ ထိုက်ထိုက်တန်တန်တက်ရောက်လာတယ်ဆိုတာကို သံသယဖြစ်စရာ မလိုပါဘူး။ ပြီးတော့ ကျွန်တော်တို့ရရှိခဲ့တဲ့အရာတွေကိုလည်း ဂုဏ်ယူနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ရည်မှန်းချက်က သမိုင်းဝင်စေရေးဖြစ်လို့ အလုပ်ကိုပြီးမြောက်အောင် လုပ်သွားဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

ပီအက်စ်ဂျီက လတ်တလောနှစ်တွေအတွင်း ပြင်သစ်ပြည်တွင်းဘောလုံးလောကို လွှမ်းမိုးထားနိုင်ပေမယ့် ချန်ပီယံလိဂ်အောင်မြင်မှုရယူဖို့ အခက်တွေ့နေဆဲပါပဲ။ သူတို့တွေက အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အခက်အခဲတွေကြားမှ အခုနေရာအထိ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီက ဘရက်စ်နဲ့ရင်ဆိုင်ရတဲ့ ရှုံးထွက်ပလေးအော့ဖ်ပွဲစဉ်ဆီ ရောက်ရှိဖို့ ဆဲလ်ဘတ်၊ မန်စီးတီး၊ စတုဂတ်တို့နဲ့ရင်ဆိုင်ရတဲ့ လိဂ်ပုံစံအုပ်စုအဆင့်နောက်ဆုံးသုံးပွဲကို အနိုင်ရရှိဖို့ လိုအပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ လူးဝစ်အင်းနရစ်ရဲ့အသင်းက ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူး၊ အက်စတွန်ဗီလာ၊ အာဆင်နယ်တို့ကို ကျော်ဖြတ်ပြီး မြူးနစ်မြို့ဆီ ခရီးဆက်လာခဲ့ပါတယ်။

လူးဝစ်အင်းနရစ်က “ အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ အရာရာတိုင်းကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် သည်းထိတ်ရင်ဖိုစရာဇာတ်လမ်းတစ်ခု သို့မဟုတ် အရမ်းကောင်းတဲ့ တီဗွီစီးရီးတစ်ခု ဖြစ်လာပါလိမ့်မယ်။ လိဂ်ပုံစံအုပ်စုအဆင့်ရဲ့ပွဲစဉ်တိုင်းမှာ ပိုကောင်းတဲ့ရလဒ်တွေနဲ့ ကျွန်တော်တို့တွေ ထိုက်တန်ခဲ့ပါတယ်။ အထူးသဖြင့် အိမ်ကွင်းပွဲစဉ်တွေမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ရလဒ်တွေ မကောင်းခဲ့ပါဘူး။

ဒီနောက်မှာတော့ အုပ်စုနောက်ဆုံးပွဲစဉ်သုံးခုမတိုင်ခင်အထိ ကျွန်တော်တို့တွေ လေးမှတ်ပဲရရှိထားလို့ ပြိုင်ပွဲမှထွက်ခွာရဖို့တောင် နီးစပ်ခဲ့ပါတယ်။ ဂိုးမသွင်းနိုင်ရင် ဘယ်ပွဲစဉ်ကိုမဆို အနိုင်မရနိုင်ပါဘူး”လို့ ပြောပါတယ်။