
ဒဏ်ရာရနေသူ ဆာလီဘာရဲ့ဒဏ်ရာအခြေအနေအပေါ် စိုးရိမ်မိကြောင်း ဖွင့်ဟလာတဲ့ အာတီတာ
မီကယ်အာတီတာက နောက်ခံလူ ဝီလီယံဆာလီဘာရဲ့ ဒဏ်ရာအခြေအနေကို အာဆင်နယ်နှင့် အက်စတွန်ဗီလာတို့ သရေကျပြီးနောက် နောက်ထပ် စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ ဂန်းနားတို့သည် အမ်းမရိတ်တွင် ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း တိုင်လီမန်းနှင့် အော်လီ ဝက်ကင်စ်တို့၏ ဒုတိယပိုင်း သွင်းဂိုးတွေကြောင့် အမှတ်ခွဲယူခဲ့ရသည်။
ဆာလီဘာသည် ယခုရာသီတွင် စဉ်ဆက်မပြတ် ခြေစွမ်းပြသနိုင်ခဲ့သော်လည်း ဗုဒ္ဓဟူးနေ့ည တော့တင်ဟမ်ကို အနိုင်ရရှိခဲ့သည့်ပွဲတွင် ဒဏ်ရာရရှိခဲ့သောကြောင့် ဗီလာနဲ့ပွဲတွင် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။ ဆာလီဘာအစား တင်ဘာသည် မာဂယ်ဟေးစ်နှင့်အတူ ဗဟိုနောက်ခံနေရာတွင် ဝင်ရောက်ကစားခဲ့သည်။ ဗီလာနှင့် ပွဲမတိုင်မီတွင် အာဆင်နယ်လေ့ကျင့်ရေးကွင်းမှ ဆာလီဘာ ရုတ်တရက် ပျက်ကွက်ရခြင်းအကြောင်းကို ရှင်းပြရင်း ကစားသမားတွင် အနည်းငယ် ပြဿနာ ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဆလီဘာ၏ အခြေအနေနှင့်ပတ်သက်၍ အာတီတာအား မေးမြန်းသောအခါ အာတီတာက "မသိရသေးပါဘူး။ မနက်ဖြန်မှာ ကျွန်တော်တို့ အချက်အလက် ပိုရမယ် ထင်ပါတယ်။ သူ့ကို နောက်ထပ် စစ်ဆေးမှုတစ်ခု လုပ်မှာဖြစ်ပြီး အဲဒါနဲ့ပတ်သက်ပြီး ပိုရှင်းသွားပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။ အာတီတာက စိုးရိမ်စရာ အခြေအနေတစ်ခုဖြစ်ကြောင်း ဝန်ခံခဲ့ပြီး "အထူးသဖြင့် ကျွန်တော်တို့ အသင်းမှာရှိတဲ့ ကစားသမားအရေအတွက်နဲ့ ကျွန်တော်တို့ရဲ့ အရန်ခုံတန်းကို ကြည့်ရင် သေချာပေါက် စိုးရိမ်ပါတယ်" ဟု ထပ်လောင်းပြောကြားခဲ့သည်။
အာဆင်နယ်သည် ဗုဒ္ဓဟူးနေ့ညတွင် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒိုင်နမို ဇာဂရက်ကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။