
အပြောင်းရွှေ့ကြေးနှင့် လစာများ အလွန်အကျွံပေးချေမှုအတွက် ယူနိုက်တက်အား ပြစ်တင်ရှုတ်ချလိုက်တဲ့ ဗီဒစ်ခ်ျ
ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း နီမန်ဂျာ ဗီဒစ်ခ်ျက အပြောင်းရွှေ့ကြေးနှင့် လစာများတွင် ပြိုင်ဘက်ကလပ်များနှင့် ကစားသမားများက ကလပ်ကို လိမ်ညာခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ Sky Bet မှ တင်ဆက်တဲ့ The Overlap အစီအစဉ်တွင် ၂၀၁၃ ခုနှစ်နောက်ပိုင်း ယူနိုက်တက် ပရီးမီးယားလိဂ်ဖလား မရရှိနိုင်ခြင်းနှင့်ပတ်သက်၍ ဗီဒစ်ခ်ျက ပြောကြားခဲ့ပြီး ကလပ်ရဲ့ လူသစ်စုဆောင်းရေး အားနည်းမှုဟာ အသင်း ရုန်းကန်ရမှုတွင် အဓိကကျတဲ့ အကြောင်းရင်းဖြစ်တယ်လို့ ဆိုပါတယ်။
"တခါတလေ လစာတွေနဲ့ တချို့ကစားသမားတွေကို ကျွန်တော်တို့ ပေးခဲ့ရတဲ့ ငွေကြေးတွေမှာ ကျွန်တော်တို့ လိမ်ညာခံရတယ်လို့ ထင်ပါတယ်။ အဲဒါက ကျွန်တော့်အတွက် ပြဿနာပါပဲ။ လူသစ်စုဆောင်းရေးက အကြီးဆုံးအရာပဲ၊ ကောင်းမွန်တဲ့ ဘောလုံးကစားသမားတွေ၊ နည်းပြတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ခေါ်ယူတာ၊ ပြီးတော့ တချို့နေရာတွေကို ဘယ်လိုလူမျိုးတွေ ခေါ်သွင်းလဲဆိုတာကို သူတို့ ဂရုစိုက်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ယူနိုက်တက်မှာ ရှိဖို့ဆိုရင် မင်းက စျေးကွက်ထဲမှာ အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်ရမယ်၊ ပြီးတော့ အဲဒီအပေါ်မှာ ရင်းနှီးမြှုပ်နှံရမယ်။ကစားသမားတွေထက်တောင် ပိုပြီး ရင်းနှီးမြှုပ်နှံသင့်တယ်လို့ ထင်တယ်၊ အဲဒါကို ကျွန်တော်တို့ ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူးလို့ ထင်ပါတယ်" လို့ အသင်းခေါင်းဆောင်ဟောင်းက ပြောပါတယ်။
ဗီဒစ်ခ်ျက ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်တွင် ဆာ အဲလက်စ် ဖာဂူဆန် နှင့် အမှုဆောင်အရာရှိချုပ် ဒေးဗစ် ဂီးလ် တို့ နှစ်ဦးစလုံး ထွက်ခွာသွားခြင်းကြောင့် ထိခိုက်ခဲ့ရကြောင်း ပြောကြားခဲ့ပြီး ဂီးလ်ရဲ့နေရာကို ဆက်ခံခဲ့သူ အက်ဒ် ဝုဒ်ဝပ် က အပြောင်းအရွှေ့လုပ်ငန်းတွင် အဆင့်ကို မမီခဲ့ဟု ယုံကြည်နေပါတယ်။
"ကျွန်တော့် ခံစားချက်ကတော့ ဆာ အဲလက်စ် ဖာဂူဆန် ထွက်သွားရုံတင်မကဘူး၊ ဒေးဗစ် ဂီးလ်ပါ ထွက်သွားခဲ့ပါတယ်။ ဒါက ကလပ်နဲ့ နှစ်ပေါင်း ၂၅ နှစ်ကြာ ရှိခဲ့တဲ့ ကြီးမားတဲ့ ပုဂ္ဂိုလ်နှစ်ဦးပါပဲ။ သူတို့နေရာကို အစားထိုးဖို့ ခက်ခဲပြီး အက်ဒ် ဝုဒ်ဝပ်က အဲဒီရာထူးကို ယူခဲ့တာက သူ့ရဲ့ အသိပညာနဲ့ အရည်အချင်းထက် ကျော်လွန်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ထင်မြင်ချက်ပါ။ ရှင်းပါတယ်၊ သူက ကလပ်အတွက် စျေးကွက်ရှာဖွေရေးနဲ့ ငွေရှာဖွေရေးပိုင်းမှာ အံ့သြစရာကောင်းလောက်အောင် လုပ်ဆောင်ခဲ့ပေမယ့် အေးဂျင့်တွေနဲ့ ကစားသမားတွေကို ကိုင်တွယ်တဲ့ အခန်းကဏ္ဍက အတွေ့အကြုံရှိတဲ့သူမျိုး လိုအပ်ပါတယ်" လို့ ဗီဒစ်ချ်က ပြောကြားခဲ့ပါတယ်။
ဘောလုံးသမားတွေနဲ့ အေးဂျင့်တွေ ဘယ်လိုတွေးလဲဆိုတာ နားလည်ဖို့အတွက် ကစားသမားဟောင်းတချို့ကိုပါ ခေါ်ယူထားသင့်တယ်လို့ ဗီဒစ်ခ်ျက ယုံကြည်ပါနေတယ်။ "ကစားသမားဟောင်းတချို့ကို အသင်းမှာထားပြီး ကစားသမားတွေ ဘယ်လိုတွေးလဲ၊ အေးဂျင့်တွေ ဘယ်လိုတွေးလဲ နားလည်အောင် လုပ်တာမျိုး ကလည်း အထောက်အကူဖြစ်စေမှာ။ အဲဒီအချိန်တုန်းက ကလပ်က ကိုယ့်ကိုယ်ကို မကူညီခဲ့ဘူး။ ခင်ဗျားတို့လို ဂယ်ရီ နဗီးလ်၊ ပေါလ် စခိုးလ်စ်၊ ဒါမှမဟုတ် ရိုင်ယန် ဂစ်တို့လို ကစားသမားဟောင်းတွေရဲ့ အတွေ့အကြုံကို မယူခဲ့ဘူး။ အေးဂျင့်တွေနဲ့ စကားပြောဖူးတဲ့သူမျိုးပေါ့" လို့ သူက ဆက်ပြောပါတယ်။
ကလပ်ဟာ မာသီယက်စ် ကွန်ညာ ကို ခေါ်ယူခြင်းဖြင့် အပြောင်းအရွှေ့ကာလကို အားကောင်းစွာ စတင်နိုင်ခဲ့ပြီး ဘရန့်ဖို့ဒ် မှ ဘရိုင်ယန် အမ်ဘိုမို အတွက် သဘောတူညီမှု ရရှိရန် နီးစပ်နေတယ်လို့ ယုံကြည်ရပါတယ်။ ယူနိုက်တက်ဟာ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူး အန်ဇို ကာနာ ဘီယစ်ကို လေဟာဗ်မှ ခေါ်ယူခဲ့သော်လည်း သူ့ကို ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် ဆာ ဂျင်မ် ရတ်ကလစ်ဖ် ပိုင်ဆိုင်တဲ့ ဆွစ်ဇာလန် စူပါလိဂ်ကလပ် လော်ဆန်း-စပေါ့ သို့ အငှားချထားမှာ ဖြစ်ပါတယ်။