The network connection is lost.

Banner Image

ကွန်ဖရန့်လိဂ်ချန်ပီယံဆုက ချဲလ်ဆီးအတွက် စမှတ်တစ်ခုဖြစ်လာနိုင်တယ်လို့ ပြောလိုက်တဲ့ မာရက်စ်ကာ

ဒီနေ့မနက်ပိုင်း၊ ကွန်ဖရန့်လိဂ်ချန်ပီယံအောင်ပွဲက ချဲလ်ဆီးအသင်းရဲ့အောင်မြင်မှုခေတ်သစ်တစ်ခုအတွက် စမှတ် ဖြစ်လာဖို့ နည်းပြမာရက်စ်ကာ မျှော်လင့်နေပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ပိုင်ရှင်ဟောင်းရိုမန်အေဘရာမိုဗစ်ချ်ထံမှ ကလပ်အသင်းကို ဝယ်ယူခဲ့တဲ့ အမေရိကန်လုပ်ငန်းစုတစ်ခုလက်အောက် ပထမဆုံးဆုဖလားဆွတ်ခူးနိုင်ဖို့ မာရက်စ်ကာရဲ့အသင်းက ဘက်တစ်ကို ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။

အခုပိုလန်မြေအောင်ပွဲကြောင့် ပရီးမီးယားလိဂ်မှာ စတုတ္ထနေရာရယူပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ မာရက်စ်ကာအတွက် စတမ်းဖို့ဒ်ဘရစ်ချ်နည်းပြဘဝအဖွင့်ရာသီမှာပဲ လှပတဲ့ဘောလုံးရာသီပိတ်သိမ်းမှုတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ LA Dodgers ပူးတွဲပိုင်ရှင်တော့ဒ်ဘိုလေနှင့် ပုဂ္ဂလိကအစုရှယ်ယာရင်းနှီးမြှုပ်နှံမှုအဖွဲ့ Clearlake Capital တို့ ဦးဆောင်တဲ့လုပ်ငန်းစုက သုံးနှစ်တာကာလအတွင်း ပေါင်တစ်ဘီလျံကျော်သုံးစွဲကာ လူငယ်ကြယ်ပွင့်တွေကို စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ခေါ်ယူခဲ့ပါတယ်။

TNT Sports နဲ့တွေ့ဆုံချိန် မာရက်စ်ကာက “ ပြီးခဲ့တဲ့သုံးလေးနှစ်တာကာလမှာ ငွေလုံးငွေရင်းပမာဏများစွာ ကလပ်အသင်းအတွက် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။အသင်းပိုင်ရှင်တွေကိုယ်တိုင်လည်း ဒီရင်းနှီးမြှုပ်နှံမှုရဲ့ အကျိုးရလဒ်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ ဒါကြောင့် အခုဘောလုံးရာသီအောင်မြင်မှု၊ အခုညအောင်မြင်မှုက အရေးပါတဲ့အရာတစ်ခုကို တည်ဆောက်နေတဲ့ ကျွန်တော်တို့အတွက် စမှတ်တစ်ခုဖြစ်လာနိုင်ဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

အခုနိုင်ပွဲကြောင့် ချဲလ်ဆီးက ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ Cup Winners’ Cup အပါအဝင် ဥရောပအဆင့် အဓိကပြိုင်ပွဲကြီးလေးရပ်လုံးမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ပထမဆုံးကလပ်အသင်း ဖြစ်လာပါတယ်။ ဘက်တစ်နဲ့ဗိုလ်လုပွဲမှာ ချဲလ်ဆီးအတွက် အရေးပါတဲ့ ဂိုးဖန်တီးမှုနှစ်ကြိမ်စွမ်းဆောင်ရင်း အကူအညီပေးခဲ့တဲ့ ကိုးလ်ပယ်လ်မာက “ အခုလို သမိုင်းကြောင်းတလျှောက်မှာ ပြိုင်ပွဲလေးရပ်လုံးဗိုလ်စွဲနိုင်တဲ့ တစ်ခုတည်းသော ကလပ်အသင်းဖြစ်လာရတဲ့ခံစားချက်က အရမ်းကောင်းမွန်ပါတယ်”လို့ ပြောပါတယ်။