
လီဗာပူးကို ငယ်စဉ်က အားပေးခဲ့တာတွေကို မေ့ထားပြီး အန်ဖီးလ်မှာ ရင်ဆိုင်ဖို့ အသင့်ပြင်နေတဲ့ ပိုစတီကိုဂလူ
တော့တင်ဟမ်နည်းပြ အန်ဂျီပိုစတီကိုဂလူက လီဗာပူးအသင်းကို ငယ်စဉ်ကတည်းက အားပေးခဲ့တာဟာ တနင်္ဂနွေနေ့ အန်ဖီးလ်မှာ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးအသင်း မရရှိအောင် တားဆီးမယ့် ဆုံးဖြတ်ချက်အပေါ် ဘာမှသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
လီဗာပူးအသင်းဟာ စံချိန်တင်ရမှတ်ဖြင့် ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ အခြေအနေကောင်းနေပြီး တော့တင်ဟမ်နဲ့ပွဲမှာရမှတ်တစ်မှတ်သာရရှိဖို့ လိုအပ်ပါတယ်။ လီဗာပူးအသင်းကို လေးစားကြောင်းနဲ့ ငယ်စဉ်က အသင်းကိုအားပေးခဲ့ကြောင်း ပြောကြားခဲ့တဲ့ ပိုစတီကိုဂလူက တော့တင်ဟမ်အသင်းက လီဗာပူးရဲ့ ဖလားရရှိရေး အစီအစဉ်ကို နှောင့်ယှက်ခဲ့ရင် ဘယ်လိုခံစားရမလဲဆိုတဲ့ မေးခွန်းကို ငြင်းဆန်ခဲ့ပါတယ်။
ပိုစတီကိုဂလူက"ကျွန်တော်က အသက် ၆၀ ရှိပါပြီ။ ငယ်ငယ်က အားပေးခဲ့တာတွေကို ကျော်လွန်ခဲ့ပါပြီ။ ဒါက ဘာမှသက်ရောက်မှုမရှိပါဘူး" လို့ ပိုစတက်ကိုဂလူးက ပြောကြားခဲ့ပါတယ်။ သူက ဆက်လက်ပြီး "ကျွန်တော်က ဒီဘောလုံးအသင်းကို အရမ်းလေးစားပါတယ်။ ဟုတ်ပါတယ်၊ ငယ်ငယ်က အားပေးခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကပါ။ အဲဒီအချိန်ကစပြီး အများကြီးပြောင်းလဲသွားခဲ့ပါပြီ" လို့ ပြောပါတယ်။
တော့တင်ဟမ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အခြေအနေဆိုးနေပြီး ဒီရာသီကုန်အထိ အဓိကရည်မှန်းချက်က ယူရိုပါလိဂ်ဖလားရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ဖြစ်ပါတယ်။