
မန်စီးတီးအသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခံရခြင်းက ဘဝရဲ့ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဆိုလိုက်တဲ့ ဘာနာဒိုဆေးလ်ဗား
မန်ချက်စတာစီးတီးဟာ ဝါရင့်ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို နောက်ရာသီအတွက် အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပြီး ယခုအခါမှာတော့ ကစားသမားက မန်စီးတီးအသင်းခေါင်းဆောင်ဖြစ်လာခြင်းက ဘဝရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဘာနာဒိုက သူ့အနေနဲ့ ကလပ်ရဲ့အနာဂတ်အတွက် မျိုးဆက်သစ်တွေကို အတတ်နိုင်ဆုံးကူညီသွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ဟာ မန်စီးတီးသို့ ၂၀၁၇ ခုနှစ်မှာ စတင်ပြောင်းရွှေ့လာခဲ့ပြီး အီတီဟတ်မှာနေထိုင်ခဲ့စဉ်အတောအတွင်း အခြားဥရောပထိပ်သီးကလပ်တွေရဲ့ ချိတ်ဆက်မှုတွေခံခဲ့ရပေမယ့် အသင်းမှာပဲ ဆက်လက်နေထိုင်ခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ ဘာနာဒိုဟာ နည်းပြကြီးပက်ဂွါဒီယိုလာရဲ့ရွေးချယ်မှုနဲ့အတူ လာမယ့် ၂၀၂၅-၂၆ ရာသီမှာ မန်စီးတီးရဲ့အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ အနာဂတ်နဲ့ပတ်သက်ပြီး မသေချာမရေရာတဲ့ အခြေအနေမှာရှိနေပေမယ့် မန်စီးတီးကတော့ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ပါ ရည်ရွယ်နေပုံပေါ်ပါတယ်။ ပေါ်တူဂီသားဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့ဖြစ်ပြီး ငယ်ဘဝကလပ် ဘင်ဖီကာသို့ပြန်လည်ပြောင်းရွှေ့တော့မယ်လို့လည်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားပါတယ်။
ဂျူဗင်တပ်စ်ကို ၅-၂ နဲ့အနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်အပြီးမှာတော့ ဘာနာဒိုက “မန်စီးတီးအသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခံရတာက ဘဝရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်တို့ဒီမှာ ဗင်းဆင့်ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗား၊ ဖာနန်ဒင်ဟို၊ ဆာဂျီယိုအဂူရိုနဲ့ ယာယာတိုရေးတို့လို ဂန္ထဝင်ကစားသမားတွေအကြောင်း အမြဲတမ်းပြောလေ့ရှိကြပါတယ်။ ဒါကြောင့် မျိုးဆက်သစ်လူငယ်တွေအနေနဲ့လည်း တစ်ချိန်မှာ ကျွန်တော်တို့အကြောင်း ပြန်ပြောကြဖို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။