
The network connection is lost.

လီဗာပူးအသင်းပိုင်ရှင် Fenway Sports Group (FSG) က ပေါင် ၈၂ သန်းမှ ၁၆၄ သန်းအကြား တန်ကြေးရှိ အသင်းရဲ့ရှယ်ယာအနည်းစုကို ကမ္ဘာလုံးဆိုင်ရာ အားကစားနယ်ပယ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Dynasty Equity ဆီ ရောင်းချခဲ့ပါတယ်။
အခုလိုသဘောတူညီမှုက လီဗာပူးအသင်းအပေါ် ဆက်လက်ချုပ်ကိုင်ထားချင်တဲ့ FSGရဲ့ ရင်းနှီးမြှုပ်နှံသူသစ် ရှာဖွေမှုလုပ်ငန်းတွေကို အဆုံးသတ်သွားစေပါတယ်။ အခုဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို ကလပ်ရဲ့ဘဏ်ကြွေးမြီပေးဆပ်ရာမှာ အဓိကအသုံးပြုသွားမယ်လို့လည်း သိရပါတယ်။
FSG ဥက္ကဋ္ဌမိုက်ဂေါ်ဒွန်က “လီဗာပူးအတွက် ကျွန်တော်တို့ပေးထားတဲ့ ကတိကဝတ်က အရင်အတိုင်းပဲ ခိုင်မာနေဆဲဖြစ်ပါတယ်။ အသင်းအတွက် သင့်တော်မယ့် ရင်းနှီးမြှုပ်နှံသူရှိလာရင် အသင်းရဲ့ ရေရှည်ဘဏ္ဍာရေးဆိုင်ရာခံနိုင်အားနဲ့ အနာဂတ်တိုးတက်မှုတွေကို ကူညီပေးဖို့ အခွင့်အလမ်းတွေ ရှာဖွေပေးသွားမယ်ဆိုတာ ကျွန်တော်တို့ အမြဲတမ်းပြောပြခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ ကွင်းတွင်းကွင်းပြင်အောင်မြင်မှုတွေ ဆက်လက်သယ်ဆောင်သွားဖို့နဲ့ ကလပ်ရဲ့ ဘဏ္ဍာရေးအနေအထား ပိုမိုတောင့်တင်းခိုင်မာလာစေဖို့ Dynasty အုပ်စုနဲ့အတူ ရေရှည်ဆက်ဆံရေးတစ်ရပ် တည်ဆောက်သွားနိုင်ရေး မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ အန်ဖီးလ်ကလပ်ကို ပေါင်သန်း ၃၀၀ ဖြင့် အပြီးသတ်ဝယ်ယူခဲ့တဲ့ FSG က ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလအတွင်း လီဗာပူးအသင်းအတွက် ရင်းနှီးမြှုပ်နှံလာမယ့် ရှယ်ယာရှင်အသစ်တွေရှိလာရင် ထည့်သွင်းစဉ်းစားပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အခုလို အသင်းရဲ့ရှယ်ယာအနည်းငယ်ကို ရောင်းချလိုက်မှုက ရင်းနှီးမြှုပ်နှံသူသစ်ရှာဖွေခြင်းလုပ်ငန်းစဉ်တွေကို အဆုံးသတ်သွားစေပါတယ်။
အမေရိကန်အခြေစိုက် Dynasty Equity ကုမ္ပဏီစီအီးအို ဒွန်ကွန်ဝဲလ်က “ လီဗာပူးဟာ ကမ္ဘာ့အကျော်ကြားဆုံး ဘောလုံးအသင်းတွေအနက် တစ်ခုဖြစ်ပါတယ်။ ဒီအသင်းမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ပရိသတ်တွေရှိသလို ကမ္ဘာလုံးဆိုင်ရာပုံရိပ်လည်း ရရှိထားပါတယ်။ Dynasty က အသင်းအတွက် အလွန်ကြီးမားတဲ့ ဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းတွေ ဖော်ဆောင်ဖို့ FSG နဲ့အတူ လက်တွဲဆောင်ရွက်သွားပါမယ်”လို့ ပြောပါတယ်။