The network connection is lost.

Banner Image

လီဗာပူးကိုရှုံးနိမ့်ခဲ့ပေမယ့် မန်စီးတီးရဲ့အနာဂတ်က တောက်ပနေဆဲဖြစ်တယ်လို့ အခိုင်အမာဆိုလာတဲ့ ဂွါဒီယိုလာ

ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးကို ၀-၂ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် မန်စီးတီးနည်း ပက်ဂွါဒီယိုလာက သူ့ရဲအသင်းမှာ တောက်ပတဲ့အနာဂတ်ရှိနေဆဲဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်ကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားခဲ့ရပေမယ့် မန်စီးတီးဟာ လီဗာပူးကို ခြေစွမ်းချင်းယှဉ်နိုင်ခဲ့ခြင်းမရှိဘဲ အရှုံးပေးခဲ့ရတာကြောင့် အန်းစလော့ရဲ့အသင်းဟာ အနိုင် ၃ မှတ်နဲ့အတူ ဒုတိယနေရာက အာဆင်နယ်ကို ၁၁ မှတ်၊ စတုတ္ထနေရာကမန်စီးတီးကို အမှတ် ၂၀ အထိဖြတ်တောက်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ပြတ်ပြတ်သားသားဦးဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ယခုပွဲစဉ်အပါအဝင် မန်စီးတီးဟာ ပြိုင်ပွဲစုံနောက်ဆုံး ၂၇ ပွဲမှာ ၁၄ ပွဲအထိရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် ဂွါဒီယီုလာကတော့ အသင်းမှာ တောက်ပတဲ့အနာဂတ်ရှိနေဆဲဖြစ်တယ်လို့ အခိုင်အမာဆိုလာခဲ့ပါတယ်။ စပိန်သားနည်းပြက "ရှုံးမယ်ဆိုရင်တောင် ဒီနေ့ရှုံးနိမ့်မှုပုံစံမျိုးက မှန်ကန်ပါတယ်။ အသင်းနဲ့ အသင်းရဲ့ကစားသမားတွေမှာ တောက်ပတဲ့အနာဂတ်ရှိနေတယ်ဆိုတာ ကျွန်တော်မြင်တွေ့ထားပါတယ်။ ကယ်ဗင်ဒီဘရိုင်းနဲ့ နာသန်အကီတို့ကလွဲပြီး ကျန်တဲ့အခြားကစားသမားတွေက အရမ်းငယ်ကြပါသေးတယ်။ ဒါကြောင့် လာမယ့်နှစ်တွေမှာ ကလပ်က တောက်ပလာမယ်ဆိုတာသေချာပါတယ်။ နောက်ထပ်ခြေလှမ်းတစ်လှမ်းအတွက် ကျွန်တော်တို့ စတင်တည်ဆောက်ရပါတော့မယ်" လို့ပြောကြားခဲ့ပါတယ်။ 

လီဗာပူးနဲ့ပွဲစဉ်မှာ မန်စီးတီးလူစာရင်းရဲ့ ပျမ်းမျှအသက်ဟာ ၂၅.၆၈ နှစ်ဖြစ်ပြီး ယခုပွဲစဉ်ကို အာလင်းဟာလန်း၊ ဂျွန်စတုန်းစ်၊ မန်နူရယ်အကန်ဂျီနဲ့ ရိုဒရီတို့လို စူပါစတားတွေ လွဲချော်ခဲ့ပါတယ်။ ဆက်လက်ပြီး ဂွါဒီယိုလာက "ကျွန်တော်တို့မှာ ကစားသမားပြည့်ပြည့်စုံစုံမရှိခဲ့ပေမယ့် ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကွင်းလယ်မှာ ပြိုင်ဘက်နဲ့ ခြေရည်တူကစားနိုင်ခဲ့ပေမယ့် ဂိုးဧရိယာထဲမှာ လွဲချော်မှုတွေရှိခဲ့လို့ ဂိုးမရခဲ့တာပါ"

"ကျွန်တော်တို့က အသင်းကိုအနာဂတ်အတွက်တည်ဆောက်နေပါတယ်။ လိုချင်တဲ့အဆင့်အတန်းကိုရောက်ဖို့တော့ အဝေးကြီးလိုပါသေးတယ်။ ဒါပေမယ့် အနာဂတ်မှာတော့ မြင်တွေ့ရမှာပါ။ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ချက်တွေကောင်းမွန်ခဲ့ပေမယ့် အခုတော့ အဲဒီအဆင့်အတန်းကို မရောက်နိုင်သေးပါဘူး။ " လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက မန်စီးတီးဟာ ပရီးမီးယားလိဂ်ဆုဖလားကို စံချိန်တင် ၄ ကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှာ အီတီဟတ်သို့စတင်ရောက်ရှိလာခဲ့တဲ့ ဂွါဒီယိုလာဟာ ၉ နှစ်တာကာလအတွင်း မန်စီးတီးအတွက် စုစုပေါင်း ဆုဖလား ၁၈ လုံးအထိ ဆွတ်ခူးပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ သို့သော်လည်း ဒီရာသီမှာ မန်စီးတီးဟာ ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပြီဖြစ်သလို၊ ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးဖို့ကလည်း မျှော်လင့်ချက်မရှိတော့လို့ အက်ဖ်အေဖလားပြိုင်ပွဲတစ်ခုမှာသာ ဖလားဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရှိပါတော့တယ်။ 

ယခုနိုင်ပွဲဟာ လီဗာပူးအတွက် ၂၀၁၈ ခုနှစ်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မန်စီးတီးကို အဝေးကွင်းမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ လီဗာပူးအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းမှာ မိုဟာမက်ဆာလက်နဲ့ ဒိုမီနစ်ဆိုဘိုဆလိုင်းတို့ကသွင်းယူပေးခဲ့ပါတယ်။ လီဗာပူးအနေနဲ့ တတိယဦးဆောင်ဂိုးထပ်မံရရှိဖို့ နီးစပ်ခဲ့သေးပေမယ့် လူကျွံနေခဲ့လို့ ဂိုးအဖြစ်မှပြန်လည်ပယ်ဖျက်ခံခဲ့ရပါတယ်။ 

ယခုအခါမှာ လီဗာပူးအနေနဲ့ ရာသီကုန်အထိကစားဖို့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲသာကျန်ရှိတော့ပြီး အဆိုပါ ၁၁ ပွဲမှ ၇ ပွဲကို အိမ်ကွင်းအန်ဖီးလ်မှာကစားသွားရမှာဖြစ်လို့ ဆုဖလားအတွက် အတော်လေးအခြေအနေကောင်းမွန်နေပါတယ်။လက်ရှိအချိန်မှာ ချန်ပီယံဆုကို အနီးကပ်ဆုံးစိန်ခေါ်နေတဲ့ အာဆင်နယ်ကတော့ စုစုပေါင်း ၁၂ ပွဲကစားဖို့ကျန်ရှိနေသေးပြီး အိမ်ကွင်း ၆ ပွဲ၊ အဝေးကွင်း ၆ ပွဲကစားသွားရမှာဖြစ်ပါတယ်။ လာမယ့်မေလမှာတော့ လီဗာပူးဟာ အာဆင်နယ်ကို အိမ်ကွင်းအန်ဖီးလ်မှာ ဧည့်ခံကစားသွားရပါမယ်။