
မန်စီးတီးမှာဆက်နေဖို့ ဆုံးဖြတ်ထားကြောင်း ပြောကြားလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ထားကြောင်း ဖွင့်ဟလာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် အသင်းဟာ ဝေဖန်မှု အနည်းငယ်သာကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ယမန်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့ထပ်မံရှုံးနိမ့်ကာ နှစ်ကျော့ပေါင်းရလဒ် ၆-၃ နဲ့ ပြိုင်ပွဲကို စောစောစီးစီးပဲ လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာဂွါဒီယိုလာက သူ့အနေနဲ့ ဒီရာသီမှာ မန်စီးတီးအတွက် စွမ်းဆောင်ကောင်းတွေရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပေမယ့် အီတီဟတ်ကနေ ထွက်ခွာဖို့တော့ စိတ်ကူးထားခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
စပိန်သားနည်းပြက "ကျွန်တော် မန်စီးတီးမှာပဲ ဆက်နေသွားမှာပါ။ ကျွန်တော်တို့က အရမ်းသန်မာတဲ့ ပြိုင်ဘက်ကို ရာသီရဲ့အကောင်းဆုံးအချိန်မှာ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ပြီးတော့ အခုချိန်မှာ ကျွန်တော်တို့ရဲ့ပြိုင်ဘက်ကလည်း အရမ်းကောင်းနေတဲ့အချိန်ဖြစ်လို့ ကျွန်တော်တို့အနေနဲ့ သူတို့ကို ဂုဏ်ပြုပေးဖို့ပဲ တတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၂ နှစ်လောက်က မန်စီးတီးဟာ ဒီပြိုင်ပွဲမှာတောင် မပါဝင်နိုင်ခဲ့ပါဘူး။ ချန်ပီယံလိဂ်က အရမ်းအသေးစိတ်ဆန်တဲ့ ပြိုင်ပွဲတစ်ခုပါ။ ဒီရာသီ ကျွန်တော်တို့ရဲ့ ဥရောပပြိုင်ပွဲစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဝေဖန်မှု အနည်းငယ်ပဲ ကြုံတွေ့ထားရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဒီရာသီ ပြိုင်ပွဲအရပ်ရပ်မှာ ပုံစံကောင်းပြသနိုင်ခြင်းမရှိဘဲ ရလဒ်ဆိုးတွေမကြာခဏကြုံတွေ့ထားရတဲ့ မန်စီးတီးဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖလားလက်မဲ့ရာသီနဲ့ တွေ့ကြုံသွားဖို့ အလားအလာများနေပါတယ်။ သို့သော်လည်း မန်စီးတီးဟာ အသင်းနည်းပြ ဂွါဒီယိုလာကိုတော့ ထုတ်ပယ်ဖို့စိတ်ကူးထားခြင်းမရှိဘဲ မကြာသေးမီကမှ ၂၀၂၇ ခုနှစ်ထိ စာချုပ်သက်တမ်းတိုးမြှင့်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဂွါဒီယိုလာအနေနဲ့ မန်စီးတီးကို လမ်းကြောင်းမှန်ပေါ်ပြန်လည်ပို့ဆောင်ပေးဖို့ နောက်ထပ်တစ်ဖန် ကြိုးစားသွားရဦးမှာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို ၂ ကျော့စလုံးရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့ မန်စီးတီးဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ကစားသွားရမှာဖြစ်လို့ နိုင်ပွဲရဖို့ ဆက်လက်ရုန်းကန်သွားရဦးမှာဖြစ်ပါတယ်။