
ပီအက်စ်ဂျီရဲ့သမိုင်းဝင်ဘောလုံးရာသီအတွက် အပြည့်အဝအာရုံစိုက်ထားတဲ့ လူးဝစ်အင်းနရစ်
ယမန်နေ့၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံး ၁၆-သင်းရှုံးထွက်အဆင့်မှာ အင်တာမိုင်ယာမီကို ၄-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က သူ့အသင်းဟာ သမိုင်းသစ်ဖန်တီးနိုင်နေပြီလို့ ပြောကြားခဲ့ပါတယ်။လီဂူးဝမ်းကလပ်အသင်းက ပြည်တွင်းလိဂ်ချန်ပီယံဆု၊ ပြင်သစ်ရှုံးထွက်ဖလားနဲ့ ချန်ပီယံလိဂ်ဆုဖလားတို့ကို ဆွတ်ခူးထားနိုင်ခဲ့ပြီး ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကိုင်မြှောက်နိုင်ခြင်းဖြင့် ပြီးပြည့်စုံတဲ့ဘောလုံးရာသီတစ်ခု ဖြစ်ပေါ်လာဖို့အတွက် တဖြည်းဖြည်းနီးစပ်လာပါတယ်။
ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အင်းနရစ်က “ ကျွန်တော်တို့ကလပ်အသင်းအတွက် သမိုင်းဝင်ဘောလုံးရာသီတစ်ခုဆိုတာ ရှင်းလင်းလွန်းပါတယ်။ ဒီပြိုင်ပွဲမှာလည်း နောက်ထပ်သမိုင်းသစ်ကို ရေးထိုးသွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်” လို့ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပြောကြားခဲ့ပါတယ်။
ယမန်နေ့ပွဲစဉ်အတွင်း လူးဝစ်အင်းနရစ်က ဘာစီလိုနာနည်းပြအဖြစ် တာဝန်ယူချိန် (၂၀၁၄-၂၀၁၇ ခုနှစ်) သူ့ရဲ့လက်အောက်ကစားခဲ့ဖူးတဲ့ နူးကမ့်ကစားသမားဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ မာရှေယာနိုတို့နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။အသက်-၅၅ နှစ်အရွယ်စပိန်သားနည်းပြက “ ကျွန်တော့်အတွက် အထူးအရေးပါလွန်းတဲ့၊ အောင်မြင်မှုကျရှုံးမှုတွေကို ကျွန်တော်နဲ့အတူဝေမျှခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြန်လည်ဆုံတွေ့ရလို့ အလွန်ထူးခြားတဲ့ ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်”လို့ ဆိုပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ဆုံတွေ့ရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်နဲ့အတူ လူးဝစ်အင်းနရစ်ကတော့ လက်ရှိအလုပ်တာဝန်အပေါ်မှာပဲ အာရုံစိုက်ထားခဲ့ပါတယ်။ သူက “ ကျွန်တော်တို့ အပြည့်အဝအာရုံစိုက်သွားဖို့ လိုအပ်ပါတယ်။ အခုအချိန်မှာ အားလပ်ရက်တွေ၊ ရာသီသစ်တွေကို ကျွန်တော် စိတ်မဝင်စားပါဘူး။ ပွဲစဉ်အတွက် အကောင်းဆုံးဖြစ်နိုင်အောင် ပြင်ဆင်ထားဖို့နဲ့ ခွန်အားတွေဖြည့်တင်းထားဖို့ကိုပဲ ကျွန်တော်တို့ စဉ်းစားသွားရပါမယ်”လို့ အတိအလင်းပြောကြားခဲ့ပါတယ်။