The network connection is lost.

Banner Image

လာမယ့်နွေရာသီမှာ တန်ဟက်ထုတ်ပယ်ခံရမယ်လို့ ယူနိုက်တက် ကစားသမားအချို့ ယုံကြည်နေ

မန်ချက်စတာယူနိုက်တက်ရဲ့ ကြယ်ပွင့်ကစားသမားအချို့ဟာ လာမယ့်နွေရာသီမှာ အသင်းနည်းပြ အဲရစ်တန်ဟက် အိုးလ်ထရက်ဖို့ဒ်ကနေ ထုတ်ပယ်ခံတော့မယ်လို့ ယုံကြည်နေကြပါတယ်။
 
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယူနိုက်တက်ဟာ ဒီရာသီ သူတို့ရဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲမြောက် ရှုံးပွဲအဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးကို ၃-၁ နဲ့ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ရာသီအစမှာကတည်းက ချန်ပီယံလိဂ်နဲ့ ကာရာဘောင်ဖလားပြိုင်ပွဲတွေကနေ ထွက်ခွာခဲ့ရတဲ့ တန်ဟက်အတွက် ဖိအားတွေ ပိုမိုကျရောက်လာခဲ့ပြီး ထုတ်ပယ်ခံရဖို့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
 
ဒါ့အပြင် ဒီရာသီ နောက်ဆုံးမျှော်လင့်ချက်ဆုဖလားဖြစ်တဲ့ အက်ဖ်အေဖလား ပြိုင်ပွဲမှာလည်း ယူနိုက်တက်ဟာ ပုံစံကောင်းရနေတဲ့ လီဗာပူးနဲ့ ထိပ်တိုက်တွေ့ဆုံနေတာကြောင့် ရလဒ်ကောင်းရဖို့ အတော်လေးရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။
 
လက်ရှိအသင်းရဲ့ ရလဒ်တွေက ဆိုးရွားနေသော်လည်း တန်ဟက်ဟာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို ပြင်းပြင်းထန်ထန်သတ်မှတ်နေတာကြောင့် ကစားသမားတွေက မကျေနပ်မှုတွေရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါကြောင့် အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေထဲမှာ နွေရာသီရောက်ရင် တန်ဟက်ထုတ်ပယ်ခံရတော့မယ်ဆိုတာ ယုံကြည်နေကြတဲ့ ကြယ်ပွင့်ကစားသမားအချို့ရှိနေတယ်လို့ သိရပါတယ်။
 
သို့သော်လည်း တန်ဟက်ကတော့ သူဟာ ကစားသမားတွေရဲ့ ထောက်ခံမှုကို ရရှိထားကြောင်းနဲ့ အသင်းရဲ့ ပိုင်ရှင်သစ် ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ တူညီတဲ့သဘောထားရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
 
တန်ဟက်က "ကျွန်တော်နဲ့ ဂျင်မ်ရက်ကလစ်ဖ်လို့ ဆွေးနွေးမှုတွေ အများကြီးပြုလုပ်ပြီးပါပြီ။ အသင်းရဲ့ တည်ဆောက်မှု၊ ရလဒ်တွေနဲ့ စွမ်းဆောင်ရည်အကြောင်းတွေပေါ့။ ကျွန်တော်တို့ သဘောထားတိုက်ဆိုင်မှုတွေ အများကြီးရှိပါတယ်။ ကျွန်တော့်မှာရှိတဲ့ ရည်မှန်းချက်နဲ့ သူတို့မှာရှိတဲ့ရည်မှန်းချက်က အတူတူပါပဲ" လို့ပြောကြားခဲ့ပါတယ်။
 
ဂျင်မ်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ ဘောလုံးကိစ္စအဝဝကို စတင်တာဝန်ယူချိန်ကတည်းက ပြောင်းလဲမှုတွေအမျိုးမျိုးပြုလုပ်ထားပြီး မကြာသေးမီက မန်စီးတီးမှ အိုမာဘရာဒါကို အသင်းရဲ့စီအီးအိုအဖြစ်ခန့်အပ်ခဲ့တဲ့အပြင် ယခုအခါမှာလည်း နယူးကာဆယ် ဘောလုံးဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်ကို ချဉ်းကပ်မှုတွေ ပြုလုပ်နေပါတယ်။ ဒါကြောင့် တန်ဟက်နဲ့ပတ်သက်ပြီးတော့လည်း ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်ထားပြီးဖြစ်နိုင်တယ်လို့ ယူဆချက်တွေ ရှိနေပါတယ်။
 
ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က "ဂျင်မ်ရက်ကလစ်ဖ်အနေနဲ့ လာမယ့်ရာသီမှာ တန်ဟက်ကို အသင်းမှာ ဆက်ထားမလား မထားဘူးလားဆိုတာ ဆုံးဖြတ်ပြီးသားဖြစ်မှာပါ။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဆုံးဖြတ်ချက်အမှားတွေနဲ့ လုံးပန်းနေခဲ့ရပါတယ်။ ဒါကြောင့် အခုချိန်မှာတော့ သူတို့အနေနဲ့ ရာသီကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ တန်ဟက်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်ခုရှိနေပြီလို့ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။