The network connection is lost.

Banner Image

ကွန်းဖရန့်လိဂ်မှာ ပုံမှန်အတိုင်း တစ်လှမ်းချင်းချီတက်နေတယ်လို့ဆိုလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးအသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ်မှာ ပြီးပြည့်စုံတဲ့စတင်မှုနဲ့အတူ ရာနှုန်းပြည့်နိုင်ပွဲရထားသော်လည်း နည်းပြအန်ဇိုမာရက်စ်ကာကတော့ ပြိုင်ပွဲမှာ တစ်လှမ်းချင်းပဲ ချီတက်နေကြောင်း ပြောကြားလာခဲ့ပါတယ်။ လက်ရှိ ၂၀၂၄-၂၅ ယူရိုပါကွန်းဖရန့်လိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်ထားတဲ့ ချဲလ်ဆီးဟာ ၅ ပွဲကစားထားရာမှာ ၅ ပွဲစလုံးအနိုင်ရရှိထားပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို အစောဆုံး တက်ရောက်ထားနိုင်တဲ့ အသင်းလည်းဖြစ်ပါတယ်။ 

မာရက်စ်ကာရဲ့အသင်းဟာ အုပ်စုအတွင်း ၂၁ ဂိုးအထိသွင်းယူပြီး ၄ ဂိုသာခွင့်ပြုထားခဲ့ရသလို ပြီးခဲ့တဲ့ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက်နိုင်ပွဲရရှိထားကာ လမ်းကြောင်းမှန်ပေါ်မှာ အကောင်းဆုံးပုံစံနဲ့ ချီတက်ထားနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ကွန်းဖရန့်လိဂ်မှာဗိုလ်စွဲဖို့အတွက် ၉၀ ရာခိုင်နှုန်းကျော်အထိ အခွင့်အရေးရှိနေတယ်လို့ စူပါကွန်ပြူတာရဲ့တွက်ချက်မှုအရ သိရှိရပါတယ်။ 

သို့သော်လည်း မာရက်စ်ကာကတော့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေလို့မရကြောင်းကို “ကျွန်တော်တို့ကပွဲစဉ်တိုင်းကို တူညီတဲ့ပုံစံနဲ့ပဲ ချဉ်းကပ်နေပြီး အနိုင်ရဖို့ အကောင်းဆုံးနည်းလမ်းတွေနဲ့ ကြိုးစားနေပါတယ်။ ဒီနေ့ခေတ်ဘောလုံးလောကမှာ စွမ်းအားမရှိတဲ့အသင်းဆိုတာ ရှာဖွေနိုင်ဖို့ ခက်ခဲပါတယ်။ အသင်းတိုင်းက သူ့ပုံစံနဲ့သူ ကောင်းနေကြတာချည်းပါပဲ။ ကျွန်တော်တို့အခု ကစားသွားရမယ့် ရှမ်ရော့ခ်အသင်းရဲ့ ပွဲစဉ်တွေကို ကြည့်မိတော့ သူတို့ကအသင်းကောင်းတစ်သင်းပါ။ ခံစစ်ပိုင်းကောင်းပြီး အသင်းတွေနဲ့ သူတင်ကိုယ်တင်ကစားနိုင်ပါတယ်။ ကျွန်တော်တို့အတွက် ပွဲစဉ်တိုင်းက ခက်ခဲနေတုန်းပါပဲ”

“ပွဲတစ်ပွဲ ခက်တယ်၊ လွယ်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ကစားပုံနဲ့ပဲသက်ဆိုင်ပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ကျွန်တော်တို့က ပွဲစဉ်တိုင်းကို အနိုင်ကစားဖို့ကြိုးစားသွားမှာပါ။ ပြီးတော့ ကျွန်တော်က တစ်လှမ်းချင်းလှမ်းရတာပဲကြိုက်ပါတယ်။ အခုကျွန်တော့်ရဲ့အဓိကပစ်မှတ်က အုပ်စုတက်ဖို့ပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး မာရက်စ်ကာက ဗုဒ္ဓဟူးနေ့မှာ ချဲလ်ဆီးနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တဲ့ အသင်းရဲ့ညာနောက်ခံလူငယ်လေး ဂျို့ရှ်အာချင်ပေါင်ရဲ့ခြေစွမ်းအပေါ်ကိုလည်း မှတ်ချက်ပြုပြောကြားလာခဲ့ပါတယ်။ အသက်-၁၈ နှစ်အရွယ်နောက်ခံလူဟာ အက်စ်တာနာကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ်ပွဲစဉ်မှာ အသင်းအတွက်ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ 

အီတလီသားက “ကျွန်တော် ဂျို့ရှ်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး အရမ်းကျေနပ်ပါတယ်။ သူ့ကို ရာသီကြိုမှာသိပ်ပြီး သတိမထားခဲ့မိပေမယ့် နောက်ပိုင်းမှာတော့ အထင်ကြီးလာခဲ့မိပါတယ်။ အခုဆိုအသင်းကလည်း သူနဲ့သဘောတူညီမှုပြုလုပ်နိုင်ခဲ့ပါတယ်။ သူက ချဲလ်ဆီးအတွက် ကြီးကျယ်ခမ်းနားတဲ့ကစားသမားတစ်ယောက်ဖြစ်လာမယ်ဆိုတာ သေချာပါတယ်” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။