The network connection is lost.

Banner Image

ပရီးမီးယားလိဂ်တစ်ပတ်တာအကောင်းဆုံးအသင်းမှာ ၂ ကြိမ်ပါဝင်ခဲ့တဲ့ မက်ဂွါရီ

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွါရီဟာ တနင်္ဂနွေနေ့က အင်္ဂလန်ဒါဘီမှာ လီဗာပူးဘက်ကို အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်  ပရီးမီးယားလိဂ်တစ်ပတ်တာအကောင်းဆုံး ကစားသမားစာရင်း ၂ ခုမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ဟာ တောင်ပံကစားသမား ဘရိုင်ယန်အမ်ဘွေမိုရဲ့သွင်းဂိုးနဲ့ ပွဲအစ ၂ မိနစ်မှာပဲ လီဗာပူးကို စတင်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် ၇၈ မိနစ်မှာ ကိုဒီဂတ်ပိုက လီဗာပူးအတွက် ချေပဂိုးသွင်းယူခဲ့လို့ ယူနိုက်တက်တို့ အနိုင်ရလဒ်နဲ့လွဲချော်ပြီလို့ ယူဆခဲ့ရပေမယ့် ကယ်တင်ရှင်မက်ဂွါရီက ၈၄ မိနစ်မှာ အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

အဆိုပါနိုင်ပွဲဟာ ယူနိုက်တက်အတွက် ၂၀၁၆ ခုနှစ်နောက်ပိုင်း လီဗာပူးကိုအန်ဖီးလ်မှာအနိုင်ရတဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ခဲ့သလို၊ အာမိုရင်အတွက်လည်း လိဂ်မှာ ပထမဆုံးအကြိမ် ၂ ပွဲဆက်အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အနိုင်ဂိုးသွင်းယူခဲ့တဲ့ မက်ဂွါရီကတော့ ကစားသမားဟောင်းတွေဖြစ်တဲ့ အလန်ရှီးယားနဲ့ ထရွိုင်ဒီးနီတို့ရဲ့ ပရီးမီးယားလိဂ်တစ်ပတ်တာ အကောင်းဆုံးကစားသမားစာရင်းတွေမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာ အလန်ရှီးယားရဲ့ပရီးမီးယားလိဂ်တစ်ပတ်တာနောက်ခံလူစာရင်းမှာ ကိုင်လ်ဝေါ်လ်ကာ၊ ဂျို့ရှ်အာချင်ပေါင်၊ လူးကပ်စ်ဒစ်ဂ်နီ တို့နဲ့အတူ ပါဝင်ခဲ့တာဖြစ်ပါတယ်။

မက်ဂွါရီကိုရွေးချယ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ရှီးယားက "မက်ဂွါရီကို အရေးကြီးတဲ့သွင်းဂိုး၊ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကြောင့် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ သူက လီဗာပူးရဲ့တိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သလို၊ အန်ဖီးလ်မှာ အမှတ်တရဖြစ်စေတဲ့သွင်းဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်" လို့ရှင်းပြခဲ့ပါတယ်။ 

ဒါ့အပြင် မက်ဂွါရီကို ပရီးမီးယားလိဂ်တစ်ပတ်တာအကောင်းဆုံးကစားသမားစာရင်းမှာ အာချင်ပေါင်၊ တူရီဇီဘီ၊ နီကိုအိုရိုင်လီတို့နဲ့အတူ ရွေးချယ်ခဲ့တဲ့ ဒီးနီကလည်း "သူက ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားပါ။ လီဗာပူးကို ၁-၂ နဲ့နိုင်တဲ့ပွဲမှာ ထူးချွန်ပြောင်မြောက်တဲ့ခြေစွမ်းကို ပြသခဲ့ပါတယ်။ ဒီလိုကယ်တင်မှုမျိုးကို အင်္ဂလန်အသင်းအတွက်ရော၊ ယူနိုက်တက်အတွက်ပါ သူလုပ်ခဲ့တာ အကြိမ်ကြိမ်ရှိပါပြီ" လို့ချီးကျူးခဲ့ပါတယ်။