The network connection is lost.

Banner Image

စပိန်အသင်းဖော် ဝီလျံကို ခေါ်ယူဖို့ ဘာစီလိုနာကို တိုက်တွန်းလိုက်တဲ့ ပီဒရီ

ဘာစီလိုနာကွင်းလယ်လူ ပီဒရီဟာ လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်လက်ရွေးစင် အသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ ဘီလ်ဘာအိုတောင်ပံကစားသမားလေး နီကိုဝီလျံစ်ကို ခေါ်ယူဖို့ သူ့ရဲ့အသင်းကို တိုက်တွန်းပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဘီလ်ဘာအိုမှာ စတင်တောက်ပလာခဲ့တဲ့ ဝီလျံဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၈ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ရာသီကုန်မှာတော့ ဘာစီလိုနာရဲ့ပစ်မှတ်ထားခြင်းကိုခံနေရသူဖြစ်ပါတယ်။ တောက်ပတဲ့ခြေစွမ်းကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် စပိန်အသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရတဲ့ ကစားသမားဟာ ပြီးခဲ့တဲ့ ရှုံးထွက် ၁၆ သင်းအဆင့် ဂျော်ဂျီယာကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂို ၁ ဂိုး ရယူနိုင်ခဲ့ပါတယ်။

ယခုအခါမှာတော့ ဘာစီလိုနာကြယ်ပွင့် ပီဒရီကို အဆိုပါ အသက်-၂၁ နှစ်အရွယ် ကစားသမားနဲ့ အသင်းမှာ တွဲဖက်ကစားနိုင်ဖို့ရှိသလားလို့ မေးမြန်းခဲ့ရာမှာ ကွင်းလယ်လူက “ကျွန်တော်တို့ ဒီအကြောင်းတွေအများကြီးပြောစရာမလိုပါဘူး။ ဒါကသူနဲ့ဘာစီလိုနာတို့ ပြုလုပ်ရမယ့်ဆုံးဖြတ်ချက်ပါ။ သူ့ကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ အရမ်းကောင်းမှာပါ။ ယူရိုမှာ သူဘာတွေလုပ်ပြထားနိုင်လဲ ကျွန်တော်တို့ မြင်ပြီးပါပြီ။ သူ့အနေနဲ့ ဘာစီလိုနာမှာ ကျွန်တော်တို့နဲ့အတူတူ ကစားနိုင်မယ်လို့မျှော်လင့်ပါတယ်။ ဒါပေမယ့် သူနဲ့ဘီလ်ဘာအိုတို့ ရဲ့စာချုပ်အခြေအနေကိုတော့ ကျွန်တော်တို့ မသိသေးပါဘူး။ ဘာမဆိုဖြစ်လာနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မကြာသေးမီကလည်း ဝီလျံကို ခေါ်ယူဖို့ အသင်းရဲ့ပါရမီရှင်လူငယ် လာမိုင်းယာမယ်က ဘာစီလိုနာကို တိုက်တွန်းခဲ့ဖူးတာကြောင့် ပီဒရီဟာ ဒုတိယမြောက်ထောက်ခံသူဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း လောလောဆယ်မှာတော့ ဝီလျံစ်က ဘီလ်ဘာအိုမှာ ဆက်လက်နေထိုင်လိုကြောင်းကို “ကျွန်တော် ဘီလ်ဘာအိုမှာအရမ်းပျော်နေပါတယ်။ ဒါက ဒီအသင်းမှာ ဆက်နေဖို့ အကြောင်းပြချက်ပါပဲ။ ကျွန်တော့်ရဲ့ရပ်တည်ချက်က ရှင်းလင်းပါတယ်။ ဘီလ်ဘာအိုက ကျွန်တော့်အိမ်ပါ”လို့ ပြောကြားထားတာဖြစ်ပါတယ်။

ဝီလျံကို ဘာစီလိုနာတစ်သင်းတည်းက ပစ်မှတ်ထားနေတာမဟုတ်ဘဲ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကလည်း တောင်ပံကစားသမားကိုခေါ်ယူဖို့ ငွေကြေးအမြောက်အမြားသုံးစွဲသွားမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ကစားသမားဟာ ဘီလ်ဘာအိုမှာ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးသော်လည်း ပြောင်းရွှေ့ကြေး ကြီးကြီးမားမားရမယ်ဆိုရင်တော့ အသင်းအနေနဲ့ ရောင်းချဖို့ ဆုံးဖြတ်သွားဖွယ်ရှိပါတယ်။