
ဒီယက်ဇ်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့ လီဗာပူး
ဘာစီလိုနာအသင်းက ချိတ်ဆက်နေချိန်မှာပဲ လီဗာပူးအသင်းက တောင်ပံကစားသမား ဒီယက်ဇ်ကို ရောင်းချဖို့ အစီအစဉ်မရှိကြောင်း ပြောကြားလိုက်ပါတယ်။ အသင်းတော်တော်များများက စိတ်ဝင်စားနေချိန်မှာပဲ အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ လီဗာပူးအသင်းဟာ ကိုလံဘီယာသားကို ရောင်းထုတ်လိုခြင်းမရှိဘူးလို့ ဆိုပါတယ်။
ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုက အခုအပတ်အစောပိုင်းမှာတင် ဒီယက်ဇ်အပြောင်းအရွှေ့အတွက် လီဗာပူးအသင်းကို တိုက်ရိုက်ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဘက်က ချက်ချင်းဆိုသလို သူတို့ကစားသမားဟာ ရောင်းချဖို့မဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေသေးပေမယ့် နည်းပြ စလော့က ဒီယက်ဇ်ဟာ သူ့အတွက် အရေးပါတဲ့သူဖြစ်နေဆဲလို့ ပြောကြားခဲ့ပါတယ်။
အသင်းတာဝန်ရှိသူတွေကတော့ ဒီယက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ အလျင်စလိုမလုပ်သေးတာဖြစ်ပါတယ်။ အယ်လ်နာဆာအပါအဝင် အသင်းတော်တော်များများက ဒီယက်ဇ်ကိုစိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့်လည်း လီဗာပူးအသင်းဘက်က ရောင်းချချင်စိတ်မရှိပဲ အသင်းမှာဆက်ထိန်းထားချင်နေပါတယ်။ကစားသမားနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကလည်း ဒီယက်ဇ်ဟာ လီဗာပူးအသင်းအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းအတွက်ပြိုင်ပွဲစုံ ၅၀ ပွဲမှာ ၁၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး အကြိမ် ၂၀ မြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ခဲ့ရာမှာ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့တည်ငြိမ်တဲ့စွမ်းဆောင်ရည်က လီဗာပူးအသင်းကိုအများကြီးအကျိုးပြုနိုင်ခဲ့တာဖြစ်ပါတယ်။