၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု K အပေါ် ဆန်းစစ်ချက်နဲ့ ခန့်မှန်းချက်များ
စီရော်နယ်ဒိုက ပေါ်တူဂီအသင်းနဲ့အတူ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ကစားပြီး စံချိန်သစ် တင်ပါတော့မယ်။
ဒါ့အပြင် ၆ ကြိမ်ဆက် ပြိုင်ပွဲတိုင်းမှာ ဂိုးသွင်းနိုင်တဲ့ စံချိန်ကိုလည်း စိုက်ထူနိုင်ခြေ ရှိပါတယ်။
ဒါပေမဲ့ ဒီနွေရာသီ အမေရိကန်မှာ ရော်နယ်ဒိုတကယ်လိုချင်နေတဲ့အရာကတော့ ပေါ်တူဂီအတွက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆုရရှိအောင် ဦးဆောင်ဖို့ပါပဲ။
ပေါ်တူဂီအသင်းမှာ နာမည်ကြီးကစားသမားတွေ အများကြီး ရှိပေမဲ့ ၁၉၆၆ ခုနှစ်ကစလို့ ၉ ကြိမ်အထိ ပါဝင်ခဲ့ဖူးတဲ့ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆုနဲ့တော့ အမြဲလွဲချော်ခဲ့ရပါတယ်။
ပေါ်တူဂီရဲ့ကစားသမားစုဖွဲ့မှုက ကမ္ဘာ့အကောင်းဆုံးစာရင်းမှာ ပါဝင်နေတာကြောင့် နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်အနေနဲ့ ဒီကစားသမားတွေကို ဘယ်လို အချိတ်အဆက်မိမိ အသုံးချမလဲဆိုတာက စိန်ခေါ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။
နည်းပြ မာတီနက်ဇ်က ၂၀၁၈ တုန်းက ဘယ်လ်ဂျီယံအသင်းကို သမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ်ရအောင်စွမ်းဆောင်ပေးခဲ့ဖူးလို့ ဒီလိုပြိုင်ပွဲကြီးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။
အသင်းမှာ ရော်နယ်ဒိုအပြင် ခြေစွမ်းပြနေတဲ့ ကြယ်ပွင့်တွေ ရှိနေပါတယ်။ အထူးသဖြင့် ကမ္ဘာ့ဖလားမတိုင်ခင် ချန်ပီယံလိဂ်ဖလားကို နှစ်ကြိမ်ဆက်ရထားတဲ့ ပီအက်စ်ဂျီအသင်းက အဓိကကစားသမား ၃ ယောက်လည်း ပါဝင်နေပါတယ်။
ပေါ်တူဂီအတွက်တော့ ဒီအုပ်စုက သိပ်မခက်လှပါဘူး။
ကိုလံဘီယာကတော့ ပရီးမီးယားလိဂ်နဲ့ ဥရောပထိပ်တန်းလိဂ်တွေမှာ ကစားနေတဲ့သူတွေ ပါဝင်တာကြောင့် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နိုင်ပါတယ်။
ဒီအာကွန်ဂိုအသင်းကလည်း ဥရောပမှာ ကစားနေတဲ့သူတွေ အများကြီးရှိပြီး ခြေစစ်ပွဲမှာ ဂျမေကာကို နိုင်ပြီး တက်လာတာဖြစ်ပါတယ်။
ဥဇဘက်ကတော့ အာရှခြေစစ်ပွဲအဆင့်ကနေ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ်ရောက်လာတာဖြစ်လို့ အတွေ့အကြုံမရှိဘူးဆိုပြီး လျှော့တွက်လို့ မရပါဘူး။
အုပ်စု (K) က အသင်းများ
ပေါ်တူဂီ
ပေါ်တူဂီရဲ့ အောင်မြင်မှုက အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒို တစ်ယောက်တည်းအပေါ်မှာပဲ မူတည်မှာမဟုတ်ပါဘူး။
အခုဆိုရင် တိုက်စစ်မှာ ရွေးချယ်စရာတွေ အများကြီး ရှိနေပါတယ်။ အသင်းရဲ့ အင်အားကတော့ ပီအက်ဂျီကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ ဂျာအိုနီဗက်စ်နဲ့ ဗီတင်ဟာတို့ ဦးဆောင်မယ့် ကွင်းလယ်ပိုင်းမှာ ရှိပါတယ်။
ဒါ့အပြင် ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားနဲ့ ဘရူနိုဖာနန်ဒက်စ်တို့လည်း ပါဝင်ပါတယ်။
တိုက်စစ်မှာတော့ ဂျာအိုဖီးလစ်နဲ့ ရာဖေးလ်လီယာအိုတို့လို တောင်ပံကစားသမားတွေ အများကြီး ရှိနေပါတယ်။
နောက်ခံလူတွေထဲမှာတော့ နူနိုမန်ဒက်စ်နဲ့ မားသီးယပ်စ်နူနက်စ်တို့က ဘယ်နဲ့ညာ တောင်ပံတွေမှာ အကောင်းဆုံး ခြေစွမ်းပြနေကြပါတယ်။
ဒီလိုအရည်အချင်းရှိကစားသမားတွေနဲ့ဆိုရင် အုပ်စုပထမရနိုင်ပေမဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ်မပြောင်းလဲနိုင်ရင်တော့ အခက်တွေ့နိုင်ပါတယ်။
အဓိကကစားသမားများ - စီရော်နယ်ဒို၊ နူနိုမန်ဒက်စ်၊ ဗီတင်ဟာ
ကိုလံဘီယာ
ကိုလံဘီယာရဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်မှုက ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ကွာတားဖိုင်နယ် တက်ခဲ့တာပါ။
အခုအသင်းမှာလည်း ထိပ်တန်းလိဂ်က ကစားသမားတွေ အများကြီးပါဝင်ပြီး တောင်အာမေရိကခြေစစ်ပွဲမှာ တတိယရခဲ့လို့ မျှော်လင့်ချက်ရှိပါတယ်။
ဘိုင်ယန်မြူးနစ်က လူးဝစ်ဒီယက်ဇ်နဲ့ စပို့တင်းလစ္စဘွန်းက လူးဝစ်ဆွာရက်ဇ်တို့က တိုက်စစ်မှာ အားကိုးရမှာဖြစ်ပါတယ်။
၂၀၁၄ တုန်းက ကြယ်ပွင့်ဖြစ်ခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကလည်း အသက် ၃၄ နှစ်မှာ ပြန်ပါလာပြီး တိုက်စစ်ကို ဖန်တီးစွမ်းရည်ပေးမှာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်က ညာနောက်ခံလူ ဒန်နီယယ်လ်မူနော့ဇ်ကလည်း တိုက်စစ်ကို ကူညီပေးနိုင်တဲ့သူ ဖြစ်ပါတယ်။
အဓိကကစားသမားများ - လူးဝစ်ဒီယက်ဇ်၊ လူးဝစ်ဆွာရက်ဇ်၊ ဒန်နီယယ်လ်မူနော့ဇ်
ဒီအာကွန်ဂို
ဒီအာကွန်ဂိုက ၁၉၇၄ နောက်ပိုင်းမှ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။
အသင်းမှာ ထိပ်တန်းကလပ်က ကစားသမားတွေရော၊ အောက်တန်းလိဂ်ကပါ ရောနှောနေပါတယ်။
နယူးကာဆယ်တိုက်စစ်မှူး ယိုအန်းဝစ်ဆာအနေနဲ့ ဒီရာသီမှာ ဂိုးတွေ ပြန်သွင်းနိုင်ဖို့ လိုနေပါတယ်။
ကွင်းလယ်မှာတော့ ဆန်းဒါးလန်းအသင်းကို ယူရိုပါလိဂ်ဝင်အောင် ကူညီပေးခဲ့တဲ့ နိုအာဆာဒီကီကို အားကိုးရမှာပါ။
ခံစစ်ကိုတော့ အသင်းခေါင်းဆောင် ချန်ဆယ်လ်အမ်ဘမ်ဘာက ဦးဆောင်မှာဖြစ်ပြီး ကိုလံဘီယာ၊ ပေါ်တူဂီတို့ကို ယှဉ်နိုင်ဖို့ဆိုရင် ခံစစ်ခိုင်မာဖို့ကအလွန်အရေးကြီးပါတယ်။
အဓိကကစားသမားများ - ယိုအန်းဝစ်ဆာ၊ ချန်ဆယ်လ်အမ်ဘမ်ဘာ၊ နိုအာဆာဒီကီ
ဥဇဘက်ကစ္စတန်
အဖြူရောင်ဝံပုလွေများလို့ တင်စားကြတဲ့ ဥဇဘက်ကစ္စတန်အသင်းဟာ လူငယ်ကမ္ဘာ့ဖလားတွေနဲ့ အိုလံပစ်ပွဲတွေမှာ အမြဲပါဝင်ခဲ့ရာကနေ အခုဆိုရင် လူငယ်ကြယ်ပွင့်တွေနဲ့အတူ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် မန်စီးတီးနောက်ခံလူ အာဘူကိုဒါကူဆာနော့ဗ်က ကြံ့ခိုင်မှုအားကောင်းပြီး အရမ်းမြန်တဲ့သူ ဖြစ်ပါတယ်။
တိုက်စစ်မှာတော့ တူရကီလိဂ်မှာ ၂၂ ဂိုးသွင်းထားတဲ့ အသင်းခေါင်းဆောင် အယ်လ်ဒေါရှိုမူရိုဒေါ့ဗ်က ဦးဆောင်မှာပါ။ အသင်းဗျူဟာကတော့ ခြေစစ်ပွဲ ၁၀ ပွဲမှာ ၇ ဂိုးပဲ ပေးခဲ့ရတဲ့ ခံစစ်ကို အခြေခံပြီး ဂိုးရမယ့်အခွင့်အရေးကိုစောင့်ဖို့ပဲ ဖြစ်ပါတယ်။
အဓိကကစားသမားများ - အာဘူကိုဒါကူဆာနော့ဗ်၊ အက်ဘော့စ်ဘက်ဖိုင်ဇူလာယက်ဗ်၊ အယ်လ်ဒေါရှိုမူရိုဒေါ့ဗ်
ခန့်မှန်းချက်
၁.ပေါ်တူဂီ
၂.ကိုလံဘီယာ
၃.ဒီအာကွန်ဂို
၄.ဥဇဘက်