
အန်ဒိုရာနဲ့ပွဲစဉ်အတွင်း ပေါ့ပျက်ပျက်အပြုအမူတွေအတွက် အင်္ဂလန်အသင်းဖော်တွေကို ဝေဖန်လိုက်တဲ့ ဟယ်ရီကိန်း
ယမန်နေ့ညပိုင်း၊ အန်ဒိုရာနဲ့ပွဲစဉ်အတွင်း ဘောလုံးနဲ့အတူ လုံလောက်တဲ့ကောင်းမွန်မှုမျိုးမရှိခြင်းအတွက် အင်္ဂလန်လက်ရွေးစင်အသင်းဖော်တွေကို ဟယ်ရီကိန်းက ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ယမန်နေ့ညပိုင်း၊ ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ခုမှာ ကမ္ဘာ့အဆင့်- ၁၇၃ မှာရှိနေတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် ခွန်အားမဲ့ပြီးပေါ့သွပ်သွပ်ဖြစ်နေတဲ့ စွမ်းဆောင်ရည်နဲ့အတူ အင်္ဂလန်က အန်ဒိုရာကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးက သူ့အတွက် ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့်မာဒူကီရဲ့ခြေစွမ်းကိုတော့ သဘောတွေ့ခဲ့ပါတယ်။
အင်္ဂလန်က အန်ဒိုရာနဲ့ ခုနစ်ကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ဖူးပြီး ၆-၀ ဂိုး၊ ၅-၀ ဂိုးဆိုတဲ့ရလဒ်တွေနဲ့ အနိုင်ရရှိဖူးပေမယ့် စနေ့ညပိုင်းပွဲစဉ်မှာတော့ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့အတူ ခက်ခက်ခဲခဲအနိုင်ယူခဲ့ရပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်းကလည်း ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုအောက်မှာ ဘောလုံးနဲ့အတူ သူတို့အသင်း အလျှင်အမြန်မရွေ့လျားနိုင်ခဲ့ဘဲ ဒီလိုအခြေအနေမျိုးဆိုတာ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့မှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အလွန်ဆိုးရွားတဲ့အရိပ်လက္ခဏာဖြစ်မယ်လို့ ယုံကြည်နေပါတယ်။
ITV သတင်းဌာနနဲ့တွေ့ဆုံချိန် ဟယ်ရီကိန်းက “ ဒီထက်ပိုကောင်းအောင်ကစားနိုင်တယ်ဆိုတာ သေချာပါတယ်။ ဒါက ကျွန်တော်တို့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်မဟုတ်ပါဘူး။ ပရိသတ်တွေလည်း ဒီပွဲစဉ်ကို အမှတ်ရနေလိမ့်မယ်လို့ မထင်ပါဘူး။ ဒါပေမယ့် ဒီပွဲစဉ်မှတဆင့် ကျွန်တော်တို့ သင်ယူသွားရပါမယ်။ ဘောလုံးရာသီတစ်ခုလုံးကို ဖြတ်သန်းလာခဲ့ရလို့ ဇွန်လစခန်းသွင်းလေ့ကျင့်မှုက ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။ ဒီနေ့မှာလည်း ဒီအချက်ကို မြင်တွေ့ခဲ့ရတယ်လို့ ထင်ပါတယ်။ ဒီနေ့မှာဆိုရင် အလွန်ပူပြင်းလှပြီး ကွင်းလည်း ခြောက်သွေ့နေပါတယ်။ လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ခွဲခြမ်းစိတ်ဖြာလေ့လာသွားရပါမယ်။
ပွဲချိန်အတွင်းမှာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့အခိုက်အတန့်မျိုးရှိခဲ့ပေမယ့် တိုက်စစ်ပြီးရင်းတိုက်စစ် ကစားနေတာမျိုး မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့တွေ အနိုင်သုံးမှတ်ရရှိပြီး ရှေ့ဆက်လာပါတယ်။ ကျွန်တော်တို့မှာ ဘောလုံးနဲ့အတူ လုံလောက်တဲ့ကောင်းမွန်မှုမျိုးမရှိသလို လုံလောက်တဲ့တိုက်စစ်ပိုင်းပေးပို့မှုတွေ၊ ပြေးလွှားနေမှုမျိုးတွေလည်း မရှိခဲ့ပါဘူး။ အရေးအကြီးဆုံးအရာဖြစ်တဲ့ နိုင်ပွဲကိုတော့ ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါက ယုံကြည်မှုနဲ့ခွန်အားတွေ ပေးစွမ်းနိုင်ပါတယ်။
၁-၀ ဂိုးဆိုတဲ့ရလဒ်ဖြစ်နေချိန် နောက်ဆုံးပွဲကစားချိန် ၅ မိနစ်၊ ၁၀ မိနစ်လောက်ကို ကျွန်တော်တို့ သတိပြုထားဖို့ လိုအပ်ပါတယ်။ ဒါက သုံးမှတ်အပြည့်ရရှိအောင် လုပ်သွားဖို့လိုအပ်တဲ့ အရေးကြီးပွဲစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီပွဲစဉ်မှတဆင့် သင်ယူသွားဖို့ပဲ လိုအပ်ပါတယ်။ ကျွန်တော်တို့အတွက် လိုအပ်ခဲ့တဲ့ သုံးမှတ်ကိုတော့ ရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။
မာဒူကီရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ ဟယ်ရီကိန်းက “ ဒီနေ့ပွဲစဉ်အတွက် သူက တည်ငြိမ်မှုအပြည့်ရှိတဲ့ တိုက်စစ်လက်နက်တစ်ခုဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း မာဒူကီက ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
ကျွန်တော်တို့အတွက် ဒီလိုစွမ်းဆောင်ရည်မျိုး ပိုလိုအပ်ပါတယ်။ ကျွန်တော်တို့မှာ အံ့ဖွယ်ကစားသမားတွေ ရှိပြီး ဘောလုံးဆုံးရှုံးချိန်တိုင်းမှာ ပြန်လိုက်လုဖို့ မကြောက်ရွံ့နေတဲ့ကစားသမားမျိုးတွေ လိုအပ်ပါတယ်။ ဒါမှသာ ဘောလုံးပိုင်ဆိုင်မှု ထပ်ခါတလဲလဲပြန်လည်ရရှိပါလိမ့်မယ်။ သူကစားသွားတာ အရမ်းကောင်းပါတယ်”လို့ ပြောပါတယ်။ အင်္ဂလန်က လာမယ့်အင်္ဂါနေ့မှာ ဆီနီဂေါနဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ် ယှဉ်ပြိုင်ကစားပါလိမ့်မယ်။