The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် လစာအပြည့်မပေးလိုတဲ့ အေစီမီလန်

ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ အလားအလာများနေတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အီတလီစီးရီးအေကလပ် အေစီမီလန်က စိတ်ဝင်စားနေပေမယ့် ကစားသမားရဲ့လစာပမာဏကြောင့် အငှားစာချုပ်နဲ့သာခေါ်ယူလိုနေတယ်လို့သိရပါတယ်။ 

နည်းပြသစ်ရူဘင်အာမိုရင်လက်ထက် ယူနိုက်တက်ရဲ့နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲအထိချန်လှပ်ခံခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ဟာ မကြာသေးမီက အသင်းကနေထွက်ခွာပြီး စိန်ခေါ်မှုအသစ်နဲ့ရင်ဆိုင်သွားဖို့ စိတ်အားထက်သန်နေကြောင်း ပြောကြားထားခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့လည်း အသက်-၂၇ နှစ်အရွယ်ကစားသမားကို အသင်းကနေ ရောင်းချဖို့ အစီအစဉ်တွေပြုလုပ်ထားပုံပေါ်ပါတယ်။ 

ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ အေစီမီလန်ကလည်း တစ်သင်းအပါအဝင်ဖြစ်ပြီး ဆာဂျီယိုကွန်ဆီကာအိုရဲ့ဦးဆောင်မှုနဲ့အတူ ယခုဆောင်းရာသီဈေးကွက်မှာပဲ ကစားသမားကိုပစ်မှတ်ထား စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အေစီမီလန်အနေနဲ့ အင်္ဂလန်သားရဲ့ မြင့်မားတဲ့လစာပမာဏကို အပြည့်အဝပေးချေဖို့ဆန္ဒမရှိတာကြောင့် အငှားစာချုပ်နဲ့သာခေါ်ယူဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။ 

အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ ဝါရင့်ကွင်းလယ်လူကတ်စ်မဲရိုးတို့လို ယူနိုက်တက်ရဲ့လစာအမြင့်မားဆုံးကစားသမားစာရင်းမှာ ပါဝင်နေတဲ့ရက်ရှ်ဖို့ဒ်ဟာ တစ်ပတ်လုပ် ပေါင် ၃ သိန်း ၆ သောင်းကျော်အထိရရှိနေသူဖြစ်ပြီး အေစီမီလန်အနေနဲ့ အဆိုပါလစာပမာဏကို ပေးချေလိုခြင်းမရှိတာကြောင့် အငှားနဲ့ခေါ်ယူပြီး လစာရဲ့ ပမာဏအများစုကို ယူနိုက်တက်ဘက်ကပေးချေစေဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ 

ဒါကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ အာမိုရင်ရဲ့လက်အောက်မှာ ဆက်လက်ကစားခွင့်ရမလား ယူနိုက်တက်ကနေထွက်ခွာပြီး အသင်းသစ်သို့ပြောင်းရွှေ့သွားမလားဆိုတာကတော့ မေးခွန်းတစ်ခုအနေနဲ့ ကျန်ရှိနေဆဲဖြစ်ပြီး ဆန်ချိုနဲ့ တန်ဟက်တို့လိုပြဿနာမျိုး ယူနိုက်တက်မှာထပ်မံမြင်တွေ့ရဦးမလား စောင့်ကြည့်ရပါမယ်။