
နေမာ ၊ ရော်နယ်ဒိုနာမည်ပြောင်နဲ့ ကြီးပြင်းလာခဲ့တာဖြစ်ကြောင်း ဂျက်ဆင် ထုတ်ဖော်ပြောကြား
ချဲလ်ဆီးတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်က ငယ်ငယ်တုန်းက မိမိဟာ နေမာ ၊ ရော်နယ်ဒိုတို့ရဲ့နာမည်ပြောင်တွေနဲ့ ကြီးပြင်းလာခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၂၃ နှစ်သားဟာ လက်ရှိမှာ ချဲလ်ဆီးအသင်းတိုက်စစ်ကို ဦးဆောင်နေပြီး ပြီးခဲ့တဲ့ရာသီတုန်းက ၁၇ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။
အခုရာသီသစ်မှာတော့ ၂၀ ပွဲမှာ ၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမား ၂ ဦးကို အားကျအတုယူခဲ့ရတယ်လို့ ဆိုလိုက်ပါတယ်။ လျင်မြန်တဲ့ခြေထောက်အပြင် အဆုံးသတ်စွမ်းဆောင်ရည်ကောင်းမွန်တာကြောင့် ငယ်စဉ်က မိမိကို နေမာ ၊ ရော်နယ်ဒိုစတဲ့နာမည်ပြောင်တွေပေးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်တရားဝင်ဝက်ဘ်ဆိုက်နဲ့အင်တာဗျူးမှာ ဂျက်ဆင်က “ကျွန်တော့်မှာ နာမည်ပြောင်တွေအများကြီးရှိပါတယ်။ ဂျက်ကို ၊ နစ် ၊ CR7 ၊ နေမာစတာတွေပါ။ သူတို့က ကျွန်တော်အားကျရတဲ့သူတွေပါ။ အဲ့တာကြောင့် သူတို့လိုပဲခေါ်ကြပါတယ်။ ကျွန်တော် ရော်နယ်ဒိုကိုကြည့်ပြီး ကြီးပြင်းလာခဲ့တာပါ။ သူ့နာမည် နဲ့ ကျောနံပတ်ပါတဲ့အကျီကို ကျွန်တော်အမြဲတမ်းဝတ်ပါတယ်။ တကယ့်အစစ်တော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အစစ်တွေက ဈေးကြီးပါတယ်။
ဒါကြောင့် ခင်ဗျားအနေနဲ့ အဲ့လိုအစစ်တွေဝယ်ယူနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အကျီတွေမှာ ကျောနံပတ် ၇ ကိုကပ်လေ့ရှိသလို ရော်နယ်ဒိုနာမည်ကို ဘောပင်နဲ့ရေးလေ့ရှိပါတယ်။ ကျွန်တော်ကလေးဘဝတုန်းက ကျွန်တော့်ဘာသာလုပ်ဆောင်တာပါ။ မှန်ပါတယ်။ ကျွန်တော် သူ့ကိုအားကျအတုယူခဲ့ရပါတယ်။ ဒါပေမယ့် သူ့ပွဲတွေကို ကြည့်ရတာ ခက်ခဲပါတယ်။
ဘာလို့လဲဆိုတော့ ခင်ဗျားသူ့ပွဲတွေကိုကြည့်မယ်ဆိုရင် ပိုက်ဆံပေးရပါတယ်။ ကျွန်တော့်သူငယ်ချင်းအိမ်မှာ အားလုံးစုပြီး ကြည့်ရပါတယ်။ ကျွန်တော်တို့ လူအများကြီးနဲ့ကြည့်ခဲ့ရတာပါ။ သူငယ်ချင်းအားလုံးစုပြီး တစ်အိမ်တည်းမှာ ရီးရဲလ်အသင်းကိုကြည့်ခဲ့ရတာပါ”လို့ ဂျက်ဆင်က ဖြေကြားခဲ့ပါတယ်။ ဂျက်ဆင်ဟာ ချဲလ်ဆီးအသင်း မိုကမ်ဘီအသင်းကိုအနိုင်ရခဲ့တဲ့အက်ဖ်အေဖလားပွဲမှာ မပါဝင်လာခဲ့ပေမယ့် လာမယ့်အင်္ဂါနေ့ဘုန်းမောက်နဲ့ပွဲမှာတော့ ပါဝင်လာဖွယ်ရှိနေပါတယ်။