The network connection is lost.

Banner Image

ဘောလုံးလောကအတွက် လက်ဆောင်ကောင်းတစ်ခုလို့ မိုဒရစ်ကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ အန်ဆယ်လော့တီ

မနေ့ညပိုင်း၊ ဂျီရိုနာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ဘာနေဗျူးကွင်းလာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ရစ်အတွက် ထူးရှယ်သွင်းဂိုးတစ်ဂိုးရယူကာ အိမ်ရှင်ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ လူကာမိုဒရစ်ကို နည်းပြအန်ဆယ်လော့တီက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ၂၀၁၈ ဘော်လွန်းဒီအော်ဆုရှင်မိုဒရစ်က ထောင့်ကန်ဘောမှတဆင့် လျှံကျလာတဲ့ဘောလုံးကို ရင်ဘတ်ဖြင့်ထိန်းကာ အပြင်းကန်သွင်းပြီး ရီးရဲလ်မက်ဒရစ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ စပိန်ထိပ်သီးကလပ်ဆီ ရောက်ရှိလာပြီးနောက်ပိုင်း အသင်းနဲ့အတူ ဆုဖလား ၂၈ လုံးအထိ ဆွတ်ခူးထားနိုင်တဲ့ အသက်-၃၉ နှစ်အရွယ်ကစားသမားက အခုဘောလုံးရာသီပိတ်သိမ်းချိန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပါလိမ့်မယ်။ ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက မိုဒရစ်ကို အေစီမီလန်နဲ့ အီတလီဂန္တဝင် ပေါ်လိုမာလ်ဒီနီနဲ့နှိုင်းယှဉ်ရင်း ကစားသမားရဲ့ဆန္ဒအရသာ အသင်းမှထွက်ခွာခွင့်ပြုသင့်တယ်လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ မိုဒရစ်ဆိုတာ ဘောလုံးလောကအတွက် လက်ဆောင်ကောင်းတစ်ခုပါ။ သူဆန္ဒရှိသလောက် အသင်းမှာ ဆက်ရှိနေသင့်ပါတယ်။ သူ လုပ်စရာရှိတာကို အကောင်းဆုံးလုပ်နေပါတယ်။ ကျွန်တော်တို့အတွက် ဂန္တဝင်တစ်ဦးရှိနေလို့ ကံကောင်းလွန်းပါတယ်။ သူ့ရဲ့အလေးအနက်ရှိမှု၊ အရည်အသွေးနဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုတွေက ဘောလုံးလောကဆီ လက်ဆောင်တစ်ခုပေးခဲ့သလိုပါပဲ။

ကျွန်တော်က အသက်-၄၀ နှစ်အရွယ်ကစားသမား ပေါ်လိုမာလ်ဒီနီနဲ့လည်း အတိတ်မှာ ကြုံဆုံခဲ့ဖူးပါတယ်။ ဘောလုံးသမားတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့အရည်အသွေးပိုင်းနဲ့ပတ်သက်လို့ ဒီကစားသမားနှစ်ဦးကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ဒီလူနှစ်ဦးလုံးက အံ့မခန်းစံနမူနာတွေပါ။ သူတို့တွေ အသက်-၄၀ နှစ်အရွယ် ရောက်ရှိသွားတာကို တားဆီးလို့မရပါဘူး။ ဒါက မျိုးရိုးဗီဇကိစ္စဆိုပေမယ့် ဘောလုံးအားကစားအပေါ်မှာထားတဲ့ သူတို့ရဲ့စိတ်နေစိတ်ထား၊ ခံယူချက်တွေကတော့ အံ့မခန်းစရာပါပဲ”လို့ ပြောပါတယ်။

အခုနိုင်ပွဲနဲ့အတူ ရီးရဲလ်မက်ဒရစ်က လိဂ် ၂၅ ပွဲကစားပြီးချိန် ရမှတ် ၅၄ မှတ်အထိ တိုးမြှင့်လာခဲ့ပြီး အမှတ်ပေးချန်ပီယံဆုပြေးလမ်းထက် ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်တို့နဲ့အတူ ဆက်လက်လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်အဆင့်မှာ မန်စီးတီးကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပြီးနောက် ဂျီရိုနာနဲ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်တို့ထင်သလောက်ခြေစွမ်းမပြသနိုင်ပေမယ့် အီတာလျံဝါရင့်နည်းပြကြီးကတော့ သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ ကျေနပ်အားရမိတယ်လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ပွဲကို အပြည့်အဝထိန်းချုပ်ထားနိုင်ပြီး ဦးဆောင်ဂိုးတစ်ဂိုးလောက်ပဲ သွင်းယူထားနိုင်ချိန် သရေရလဒ်ဆိုတာ မကြာခဏဆိုသလို ပေါ်ပေါက်လာလေ့ရှိပါတယ်။ပြိုင်ဘက်အတွက်လည်း တန်ပြန်တိုက်စစ်မှတဆင့်၊ ထောင့်ကန်ဘောမှတဆင့် ချေပဂိုးရရှိဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ ဒုတိယဂိုးကတော့ ပွဲကို အဆုံးသတ်စေခဲ့ပါတယ်။ ခပ်စောစောလေးကတည်းက ပွဲကို အဆုံးသတ်နိုင်သင့်ပေမယ့် အသင်းကလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ပွဲစဉ်လိုမျိုး ထပ်လုပ်ပြဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် အခုလိုပွဲစဉ်ဇယားရေးဆွဲထားမှုနဲ့အတူ မန်စီးတီးနဲ့ပွဲစဉ်ရဲ့ခြေစွမ်းအဆင့်အတန်းမျိုးမဟုတ်ရင်တောင်မှ အသင်းရဲ့ဒီစိတ်ဓါတ်ပိုင်းကို ကျွန်တော်သဘောကျပါတယ်”လို့ ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်က လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဆိုစီဒက်နဲ့ ကိုပါဒယ်လ်ရေးဖလားဆီမီးဖိုင်နယ်ပထမအကျော့ကို ယှဉ်ပြိုင်ကစားပြီးနောက် မတ် ၁ ရက်၊ လာလီဂါပွဲစဉ်အတွက် ဘက်တစ်ဆီ သွားရောက်ရင်ဆိုင်ရပါမယ်။